နိုင်ငံတော်က ငွေကျပ် ၁၂၇ ဒသမ ၅ ဘီလီယံ အကုန်အကျခံပြုပြင်ခဲ့သည့် မြစ်ကြီးနား-ပူတာအိုကားလမ်း ရာသီမရွေးသွားလာနိုင်ပြီ

Listing Description

မြစ်ကြီးနား အောက်တိုဘာ ၁၀

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းသည် ကချင်ပြည် နယ်အတွင်းရှိသော ပြည်ထောင်စုလမ်းမကြီး ဖြစ်သည်။ လမ်း အရှည် ၂၀၇ မိုင် သုံးဖာလုံရှိပြီး ယခင်က မြစ်ကြီးနားမှ ပူတာအိုလမ်းပိုင်းအတွင်း ကျောက်လမ်း၊ အမာခံလမ်း၊ မြေလမ်း အခြေအနေဖြင့် ၁၀၇ မိုင်ကျော် ရှိခဲ့သည်။

ယခင် မြစ်ကြီးနားမှ ပူတာအိုသို့ သွားရာတွင် နှစ်ည သုံးညအိပ်ခရီးဖြင့် သွားလာခဲ့ရကြောင်း သိရသည်။ ၂၀၁၆-၂၀၁၇ ခုနှစ်မှစ၍ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၂၇ ဒသမ ၅ ဘီလီယံ ကျော်ဖြင့် လမ်းတံတား တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်တွင် တိုးတက်လာသည့် လမ်းတံတား အခြေအနေများမှာ ကွန်ကရစ်လမ်း ၁၀၆ မိုင် သုံးဖာလုံ၊ နိုင်လွန်ကတ္တရာလမ်း သုံးမိုင် ငါးဖာလုံ၊ ကတ္တရာလမ်း ၈၆ မိုင် ခုနစ်ဖာလုံ၊ ကျောက်အမာခံလမ်း ၁၀ မိုင် လေးဖာလုံရှိသည်။ တံတားများအနေဖြင့် ပေ ၅၀ အောက် တံတား ၆၃၇ စင်း၊ ပေ ၅၀ အထက်တံတား ၁၉ စင်းအထိ တည်ဆောက်နိုင်ခဲ့သည်။

ယင်းတံတားများမှာ မြစ်ကြီးနား-ဆွမ်ပရာဘွမ်ပူတာအိုလမ်းပေါ်ရှိ တီယမ်ဇွတ်တံတား ပေ ၃၀၀၊ ဒရုခါ တံတား ပေ ၂၀၀၊ စီနင်ခတံတား ၂၀၄ ပေ၊ ဖုန်ချန်တံတား ပေ၂၄၀၊ ဆွမ်ပီယန်တံတား ပေ ၂၂၀ စသည့် တံတားကြီး ငါးစင်းကိုလည်း အခိုင်အမာ သံကူကွန်ကရစ် တံတားကြီးများအဖြစ် တည်ဆောက်နိုင်ခဲ့သည်။

ယခုအခါ ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းတံတားများ တိုးတက်ကောင်းမွန်လာပြီဖြစ်သည့် အတွက် မြစ်ကြီးနားမှ ပူတာအိုသို့ နေ့ချင်းပေါက် ၉ နာရီ ခရီးဖြင့် အရောက်သွားနိုင်ကြပြီဖြစ်ကြောင်း သိရသည်။

ခရမ်းစိုးမြင့်