သူရဦးထွန်းတင် (၁၉၂၀ - ၂၀၂၀)

Listing Description

၁၉၂၀ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ မွေးဖွားခဲ့သည်။ တို့ဗမာအစည်းအရုံးဝင်ကျောင်းသား သံမဏိခေါင်းဆောင်နှင့် မြေအောက် တော်လှန်ရေး ခေါင်းဆောင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ဥပစာ(သိပ္ပံဘွဲ့)ရရှိခဲ့သည်။

၁၉၄၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ဂျပန်ခေတ် တတိယပတ် စစ်တက္ကသိုလ် ဗိုလ်သင်တန်း တက်ရောက်ပြီး နိုဝင်ဘာ ၃၀ ရက် တွင် ကျောင်းဆင်းခဲ့သည်။ လွတ်လပ်ရေး တိုက်ပွဲများတွင် ဗမာ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၃)၊ တပ်ရင်း(၁)၊ မင်္ဂလာဒုံ စစ်တက္ကသိုလ်နှင့် တိုင်း(၇)စစ်ဌာနချုပ်၊ မျိုးချစ် ဗမာ့ တပ်မတော် တွင် တိုင်း(၇)နယ်မြေ၊ သနက(၄)တို့၌ တာဝန် ထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် ရရှိခဲ့သည်။ ၁၉၄၈-၁၉၄၉ ခုနှစ် အထိ တပ်ရင်း(၅)တွင် တပ်ခွဲမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ အင်းစိန်တိုက်ပွဲတွင် သူရဘွဲ့ချီးမြှင့်ခံခဲ့ရသည်။ အမှတ်(၄)ခြေလျင်တပ်ရင်း(ထိုစဉ်က အမှတ် ၄ ဂေါ်ရခါးသေနတ်ကိုင်တပ်ရင်း- ပထမဆုံးမြန်မာနိုင်ငံသား ဗမာလူမျိုးတပ်ရင်းမှူးအဖြစ်)နှင့်အတူ ရန်ကြီးအောင် စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ တပ်ရင်းမှူး၊ ခေတ္တ တပ်မဟာမှူး၊ စစ်ဦးစီးမှူး (ပထမတန်း)(‌စီမံ/လေ့ကျင့်)၊ ၁၉၇၁ ခုနှစ်တွင် တပ်မတော် လေ့ကျင့်ရေးမှူး၊ တပ်ထိန်းချုပ်တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၇၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိကျင်းပခဲ့သော ပထမအကြိမ် ပါတီညီလာခံနှင့် ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပသော ဒုတိယအကြိမ် ပါတီညီလာခံ နှင့် ၁၉၈၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပသော စတုတ္ထအကြိမ် ပါတီညီလာခံတို့၌ ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် ရွေးချယ်ခြင်းခံရသည်။ ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် နှင့်ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်ပွဲ နှင့် ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိကျင်းပခဲ့သောဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်ပွဲ ၌ မြစ်ကြီးနား မဲဆန္ဒနယ်(၁)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီး၊ သမဝါယမ ဝန်ကြီးဌာန ဝန်ကြီး အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သော တတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမ အစည်းအဝေး ၌ နတ္တလင်း မြို့နယ် မဲဆန္ဒနယ်(၁)မှ သူရဦးထွန်းတင် အား ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ ၁၉၈၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ကျင်းပခဲ့သော စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်ပွဲတွင်လည်း ဒုတိယကြိမ်မြောက် ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ထပ်မံ ရွေးချယ်ခြင်း ခံခဲ့ရသည်။ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး ကို ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ ၌ ကျင်းပခဲ့ရာ သူရဦးထွန်းတင် အား ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ ကြသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ် တာဝန်မှ အနားယူခဲ့သည်။

စစ်မှုထမ်းကောင်းတံဆိပ်နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမအဆင့်)ကို ရရှိခဲ့သည်။

သူရဦးထွန်းတင်သည် ၂၀၂၀ ပြည့်နှစ် မေလ ၁ ရက်နေ့တွင် အမှတ် (၂) တပ်မတော် ဆေးရုံကြီး (ခုတင် ၅၀၀) တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၁၀၀ ရှိပြီဖြစ်သည်။