နိုင်အောင်ထွန်း (၁၉၁၃–၁၉၇၀)

Listing Description

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ ရွာသူကြီး အဖ နိုင်ဖိုး၊ အမိ မိကွန်းမေးတို့က ၁၉၁၃ ခုနှစ်၊ အောက်တိုဘာလတွင် ဖွားမြင်ခဲ့ပြီး မွေးချင်း ငါးဦး ရှိသည်။

မော်လမြိုင်မြို့ အင်္ဂလိပ် ဂျက်ဆင်ကျောင်းတွင် ၁၀ တန်းကို သမိုင်းဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ကျောင်းမှထွက်ပြီး မုဒုံမြို့နယ်၊ ကလော့သော့ဇာတိ မိအေးစိန်နှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ဖခင် ကွယ်လွန်ခဲ့ပြီးနောက် ပငရွာ သူကြီး အရိုက်အရာကို ဆက်ခံသည်။ မွန်လူငယ် အဖွဲ့ဝင်ဖြစ်ပြီး နိုင်ဖိုးချို ဦးဆောင်သော မွန်တိုင်းရင်းသား အစည်းအရုံး (၁၉၄၆) ၌ မြို့နယ် ဥက္ကဋ္ဌ တာဝန် ယူခဲ့သည်။

၁၉၄၈ ခု၊ ဩဂုတ်လတွင် စတင်ခဲ့သည့် မွန်လက်နက်ကိုင် တော်လှန်ရေးတွင် စတင် ပါဝင်ခဲ့ပြီး မွန်ပြည်သူ့ တပ်ဦး ဥက္ကဋ္ဌ အဖြစ် ပါတီ သက်တမ်းတလျှောက် ထမ်းဆောင်ခဲ့သည်။

၁၉၅၈ ခုနှစ်၊ ဇူလိုင်လတွင် နိုင်အောင်ထွန်း၊ နိုင်ချမ်းမွန်၊ နိုင်ဆိတ်နို့ (နိုင်နွန်လာ)၊ နိုင်အောင်တင်၊ နိုင်ဖိုးစိန်၊ နိုင်ငွေသိမ်း၊ နိုင်ထွန်းသိန်း၊ နိုင်သိမ်းမောင်၊ နိုင်ထင် စသည့် မွန်ပြည်သူ့ တပ်ဦး ဗဟို ကော်မတီများနှင့် လက်နက်ကိုင် တပ်ဖွဲ့ အများစုတို့ လက်နက် ချလိုက်ကြပြီး ဥပဒေဘောင်တွင်း ရပ်တည်ခွင့်ကို ရယူလိုက်ကြသည်။

၁၉၅၈ ခု၊ ဇူလိုင်လ ၂၃ ရက်နေ့၊ မော်လမြိုင်မြို့၊ မိုင်ဒါကွင်း၌ မွန်ပြည်သူ့ တပ်ဦးမှ လက်နက်ကိုင်တိုက်ပွဲ အသွင်မှ ဥပဒေအတွင်းတိုက်ပွဲ အသွင်သို့ ပြောင်းလဲခြင်း အခမ်းအနား ကျင်းပခဲ့ပြီး မွန်ပြည်သူ့ တပ်ဦးမှ တပ်ဖွဲ့ဝင်အင်အား ၁,၁၁၁ တို့က လက်နက် ကိုယ်စီဖြင့် နိုင်ငံတော် အစိုးရထံ အပ်နှံခဲ့သည်။

မွန်ပြည်သူ့ တပ်ဦး တရား ဥပဒေဘောင် အတွင်း တရားဝင် ပါတီ အဖြစ် ရပ်တည်ခဲ့ပြီး ၁၉၆ဝ ခု၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဗိုလ်နေဝင်း အိမ်စောင့်အစိုးရမှ ကျင်းပ ပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲ၌ ကျိုက္ခမီမြို့နယ် မဲဆန္ဒ နယ်မြေတွင် မဲအပြတ်အသတ် အနိုင် ရရှိကာ ပြည်သူ့ လွှတ်တော် အမတ် ရွေးကောက် ခံခဲ့ရသည်။

ထို့နောက် ဦးနု အစိုးရအဖွဲ့တွင် မွန်ရေးရာဝန်ကြီးအဖြစ် ၁၉၆၁ ခု၊ ဧပြီလ ၂၇ ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုသည်။ ထို့အပြင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး၊ အမျိုးသား စည်းလုံး ညီညွတ်ရေး ဌာနများကိုပါ ပူးတွဲ တာဝန်ယူခဲ့သည်။

မွန်ပြည်နယ် ဖော်ထုတ်ရေး အလုပ် ညီညွတ်ရေး ကော်မတီ အလုပ်အမှုဆောင် အဖွဲ့ (ဗဟို) ၁၉၆၁ ခုနှစ်တွင် ဒု-ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ဥက္ကဋ္ဌ နိုင်လှမောင်၊ ဒု-ဥက္ကဋ္ဌ မွန်ဖိုးချိုတို့ ဖြစ်ကြသည်။

မဆလ အစိုးရ လက်ထက်၌ နိုင်ငံဂုဏ်ရည် မော်ကွန်းဝင် (ပထမဆင့်) ချီးမြှင့်ခံရသည်။

၁၉၇၀ ခု၊ ဧပြီလ ၂၉ ရက်၊ နံနက် ၇ နာရီခန့်၌ မော်လမြိုင် နေအိမ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၇ နှစ် ဖြစ်သည်။