မြစည်းခုံစေတီ

Listing Description

မြစည်းခုံစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့၊ ဈေးရပ်ကွက်တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင်စေတီတော် တစ်ဆူဖြစ်ပါသည်။ စေတီတော်ကို ၁၁၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်နေ့တွင် တောင်သာမြို့စား သမန္တစည်သူဦးမြတ်သာထွန်းမှ ဘိုးတော်မင်းတရား၏ ကိုယ်စား မြစည်းခုံဘုရားတည်ရန် ဦးသာမင်းဘုရား (ယခုဖိုးလမင်းဘုရား) အနောက်မြောက်အရပ်၌ ပန္နက်ချတည်ထားခဲ့ပါသည်။ ဘုရားတည်ပြီး တစ်နှစ်ကျော်အကြာတွင် မြို့စားမင်း ဦးမြတ်သာထွန်း ဇနီးမောင်နှံမှ ကြေးပိဿာချိန် ၁၆၀ ရှိ ခေါင်းလောင်းတော်ကြီးကို လှူဒါန်းခဲ့ပါသည်။ တောင်သာမြို့စား ဦးလုလက်ထပ်တွင် ဖခင်၏ ကုသိုလ်ကောင်းမှုအမွေဖြစ်သော မြစည်းခုံစေတီတော်ကို ထပ်မံ၍ ဉာဏ်တော်မြှင့်တင် မွမ်းမံခဲ့ပါသည်။ စေတီတော်၏ ပရိဝုဏ်အတွင်းတွင် ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှ ပင့်ဆောင်၍ စိုက်ပျိုးပူဇော်ထားသော ဗောဓိညောင်ပင် တည်ရှိပါသည်။