သိပ္ပံစိုးမြင့်နိုင် (၁၉၃၉ - ၂၀၁၉)

Listing Description

ဆရာသိပ္ပံစိုးမြင့်နိုင်ကို မြင်းခြံခရိုင်၊တောင်သာမြို့နယ်၊ မန်ကျည်းပင် (အနောက်)ကျေးရွာ (ဆီမီးကန်အုပ်စု)ရွာ၌ အဖဦးချမ်း၊အမိ ဒေါ်ဆိုးတို့မှ ၁၃၀၁ ခုနှစ်၊နယုန်လဆန်း (၁၃)ရက် (၃၀.၅.၁၉၃၉) ခုနှစ်တွင် မွေးဖွားခဲ့သည်။အမည်ရင်းမှာ ဦးစိန်လှ ဖြစ်လေ၏။

၁၉၅၇ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ထို့နောက် အေဂျီတီအိုင်(AGTI) ၊ ဘီအက်စ်စီ(BSc) ၊ အာရ်အယ်လ် (RL) ဘွဲ့များကို ရရှိခဲ့သည်။ ၁၉၇၂ ခုနှစ် ၊ ဩဂုတ်လ မှ ၁၉၇၈ ခုနှစ် မတ်လ အထိ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်တွင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်တရားရေးကော်မတီဉက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကောင်စီတရားသူကြီး အဖွဲ့ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သည်။

သိပ္ပံစိုးမြင့်နိုင်၏ စာပေလက်ရာများအား မဂ္ဂဇင်းအမျိုးမျိုး၌ တွေ့ရှိနိုင်သည်။ ဆရာသည် ကလေးကဗျာစာအုပ် (၆)အုပ်နှင့် လျှပ်စစ်ဗဟုသုတစာအုပ်နှစ်အုပ် ထုတ်ဝေခဲ့သည်။

၁၉၇၆ ခုနှစ်တွင် "သားကလေးအတွက် လက်ဆောင် ကလေးကဗျာများ" စာအုပ်ဖြင့် အမျိုးသားစာပေဆု (ကလေးစာပေဆု)ကို ရရှိခဲ့သည်။

၁၉၈၆ ခုနှစ်တွင် "ရင်သွေးတို့ဖတ်ဖို့ရာ လျှပ်စစ်သုတစုံစွာ " စာအုပ်ဖြင့် စာပေဗိမာန်ဆု (ကလေးစာပေဒုတိယဆု)ကို ရရှိခဲ့ပြန်သည်။

၁၉၉၃ ခုနှစ် ဒီဇင်ဘာလတွင် "ညီထွေးလေးအတွက် ကလေးကဗျာများ" စာအုပ်ဖြင့် အမျိုးသားစာပေဆု(ကလေးစာပေဆု)ကို ထပ်မံရရှိခဲ့သည်။

၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် "ကလေးများအတွက် ပတ်ဝန်းကျင်မှ လျှပ်စစ်သုတ" စာမူဖြင့် စာပေဗိမာန်ဆု (ကလေးစာပေ ပထမဆု) အား ရရှိခဲ့သည်။

၂၀၀၉ ခုနှစ်၌ လူငယ်ဘာသာရပ်စာမူဆုအဖြစ် "လူငယ်များအတွက် လျှပ်စစ်" စာအုပ်ဖြင့် "ထွန်း ဖောင်ဒေးရှင်း" မှ ဆုရခဲ့သည်။

မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းဌာန၌ လက်ထောက်အမှုဆောင်အင်ဂျင်နီယာအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် အငြိမ်းစားယူခဲ့ပီးနောက် "တိုင်းစာပေ" မှ ထုတ်ဝေသော "အီလက်ထရောနစ်ဂျာနယ်" ၌ အတိုင်ပင်ခံအယ်ဒီတာနှင့် နည်းပညာအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။

ဆရာ၏ သားဖြစ်သူ ဒေါက်တာအောင်ဇေယျသည်လည်း ရန်ကုန်နည်းပညာတက္ကသိုလ်၌ ပါမောက္ခတစ်ဦးပင်ဖြစ်သည်။ သိပ္ပံစိုးမြင့်နိုင်သည် မြန်မာနိုင်ငံစာရေးဆရာအသင်း၌ ဗဟုိအလုပ်ဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ရင်း (၁၃.၇.၂၀၁၉) ခုနှစ် စနေနေ့ ၊အသက် (၈၁) နှစ်အရွယ်တွင် ကွယ်လွန်လေသည်။

ရေးသားပြုစုခဲ့သောစာအုပ်များ

◾ဇော်ဂျီမောင် ကလေးကဗျာများ (၁၉၇၅)

◾သားသားလေးအတွက် လက်ဆောင်ကလေးကဗျာများ (၁၉၇၆)

◾လွယ်အိတ်ကလေးနဲ့မသူဇာ ကလေးကဗျာများ (၁၉၇၇)

◾ဖိုးဝရုပ် ကလေးကဗျာများ (၁၉၇၈)

◾ပစ်တိုင်းထောင်ကလေးကဗျာများ (၁၉၈၁)

◾ညီထွေးလေးအတွက် ကလေးကဗျာများ (၁၉၉၂)

◾ရင်သွေးတို့ဖတ်ဖို့ရာ လျှပ်စစ်သုတစုံစွာ (၁၉၈၆)

◾ကလေးများအတွက် ပတ်ဝန်းကျင်မှ လျှပ်စစ်သုတ (၂၀၀၃)