မြစ်ကြီးနားမြို့၌ အပျော်စီးရေပေါ်စက်ဘီးစီးဆိုင် စတင်ဖွင့်လှစ်

Listing Description

မြစ်ကြီးနား    ဇန်နဝါရီ    ၆

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ အပျော်စီးရေပေါ်စက်ဘီးစီးဆိုင်အား ပထမဆုံးအကြိမ်အဖြစ် မြို့နယ် စည်ပင်သာယာရေးရုံးအနီး ဧရာဝတီမြစ်ကမ်းဘေး၌ ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရေပေါ်စက်ဘီးစီးဆိုင်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ “အခု ကိုဗစ်-၁၉ ကာလမှာ စာသင်ကျောင်း တွေကလည်း ပိတ်ထားတယ် ဆိုတော့ မြို့ပေါ်မှာရှိတဲ့ လူငယ်တွေ လမ်းမှား မရောက်အောင် မူးယစ်ဆေးဝါးနဲ့လည်း ဝေးအောင်၊ ကျန်းမာရေးအတွက်လည်း ကောင်းအောင် ဖွင့်လှစ်ထားတာပါ၊၊ ဖွင့်တဲ့နေ့ က အခမဲ့စီးခွင့်ပေးပါတယ်၊ စက်ဘီးစီးခဆိုရင် တစ်ဦးကို နာရီဝက် ကျပ် ၃၀၀၀ နှုန်း၊ နှစ်ဦး ငှားမယ်ဆိုရင်တော့ ကျပ် ၅၀၀၀ နှုန်းနဲ့ ငှားပေးသွားမှာပါ”ဟု ဆိုင်ပိုင်ရှင် ဦးဆိုင်းခွမ်က ပြောသည်။

ရေပေါ်စက်ဘီးစီးသူများအနေဖြင့် စက်ဘီးပေါ်မတက်မီ အသက်ကယ်အင်္ကျီများ ဝတ်ဆင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ရေပေါ်စက်ဘီးစီးဆိုင်ကို  နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ ဖွင့်သွားမည်ဖြစ်ပြီး ယခုလို  ရေပေါ်စက်ဘီးစီးဆိုင်ကို   ကချင် ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသနှင့် ဗန်းမော်မြို့တို့တွင်  ဆက်လက်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။

စိန်ဝင်း(ပြန်/ဆက်)