မူဆယ်၊ ၁၀၅ မိုင်တွင် ဆန္ဒမဲပေးသူ များပြား

Listing Description

မူဆယ် နိုဝင်ဘာ ၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားသည့် မူဆယ်မြို့နယ် မိုင်းယု(၁၀၅)မိုင် ကျေးရွာ အတွင်းမှာ ရှိသည့် မဲရုံကို ယနေ့နံနက် ၆ နာရီက စတင်ဖွင့်လှစ်ခဲ့သည်။

၁၀၅ မိုင်တွင် မဲရုံ သုံးရုံရှိပြီး မဲဆန္ဒရှင်စုစုပေါင်း ရှစ်ထောင်ကျော်ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှု၊ ကျန်းမာရေးဦးစီးဌာန ၏လမ်းညွှန်မှုများဖြင့် မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် စနစ်တကျ စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။

“ဒီနေ့ မဲလာပေးတဲ့သူတွေ များပါတယ်။ ပြည်ထောင်စုရွေးကောက်မရှင်က ထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်၊ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာပြီး မဲပေးဖို့ စီစဉ် ဆောင်ရွက်ထားပါတယ်။ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေနဲ့ မည်သည့်နေရာ၊ မည်သည့်ကျေးရွာမှ မကျန်အောင် အတတ်နိုင်ဆုံး အသံချဲ့ စက်တွေနဲ့ လိုက်လံပြီး နှိုးဆော်ပေးထားတဲ့အတွက် ဒီနေ့မှာ မဲလာပေးတဲ့သူတွေ အလွန်များပါတယ်”ဟု ရပ်/ကျေးကော်မရှင်အဖွဲ့မှ ဥက္ကဋ္ဌ ဦးကျော်သန်းက ပြောသည်။

မဲလာပေးသူ ၁၀၅ မိုင်၊ ရွာမကျေးရွာမှ ကိုဝင်းကိုနိုင်က “မဲပေးဖို့အတွက် မနက်စောစောထပြီး မဲရုံရှိတဲ့ အနီးနားမှာ လာရောက် တန်းစီနေရတာပါ။ တန်းစီတာတော့ကြာပါတယ်။ မဲမပေးခင်တော့ စိတ်တွေ အလွန်လှုပ်ရှား နေပါတယ်။ မဲရုံထဲရောက်တော့ မဲပေးဖို့အတွက်အားလုံးက စနစ်တကျ စီစဉ် ဆောင်ရွက်ထားတာဖြစ်တဲ့အတွက် ဒီနေ့ မဲလာပေးရတာ အဆင်ပြေပါတယ်။ အဓိက ကတော့ ရရှိထားတဲ့အခွင့်အရေးကို အဆုံးရှုံးမခံချင်လို့ အခုလို မဲ လာရောက်ပေးရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

သန့်ဇင်(မူဆယ်)