မုံရွာကုန်စည်ဒိုင် အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်မည်

Listing Description

၂၃ မုံရွာ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့ကုန်စည်ဒိုင် ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကာကွယ်ရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် ကိုက်ညီစေရန် ဗဟိုအလုပ် အမှုဆောင် အစည်းအဝေး (၇/၂၀၂၀) ၏ ဆုံးဖြတ်ချက်အရ ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ် မပြုလုပ်ဘဲ အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်မည် ဖြစ်ကြောင်း မုံရွာမြို့ ကုန်စည်ဒိုင် သတင်းပြန်ကြားရေးတာဝန်ခံ ဦးတင်ကိုကိုက ပြောသည်။

ကုန်စည်ဒိုင်အတွင်း လူအများအပြား အဝင်အထွက်ဖြင့် အရောင်းအဝယ်မပြုလုပ်ဘဲ အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာ၍ အသင်းသူ၊ အသင်းသားများနှင့် ကိုယ်စားလှယ်များ၏ ကျန်းမာရေးကို ရှေးရှု၍ မုံရွာကုန်စည်ဒိုင်အား ယာယီပိတ်ထားရခြင်း ဖြစ်ပါကြောင်း ဆက်လက်ပြောပြသည်။

အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်ရခြင်းသည် တောင်သူများနှင့် အသင်းသူ၊ အသင်းသားများ ဈေးနှုန်းအမှန်ရရှိရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ မုံရွာမြို့ကုန်စည်ဒိုင် ဖွင့်မည့်ရက်ကို ပြန်လည်ကြေညာပေးမည်ဖြစ်ပါကြောင်း သတင်းပြန်ကြားရေးတာဝန်ခံ ဦးတင်ကိုကိုထံမှ သိရသည်။

မွှေးကြူ ဇင်(မုံရွာကိုယ်ပွား)