မှော်ဘီမြို့နယ် ရေကျော်ဓာတ်အားခွဲရုံ၊ ဝါးနက်ချောင်းဓာတ်အားခွဲရုံ၊ ထန်းတပင်မြို့နယ်ရှိ ကျူတောဓာတ်အားခွဲရုံနှင့် တက်သစ်ကျွန်းဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားများ ကျင်းပ

Listing Description

ရန်ကုန် နိုဝင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ သည့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရေကျော်ဓာတ်အားခွဲရုံ၊ ဝါးနက် ချောင်းဓာတ်အားခွဲရုံနှင့် ထန်းတပင်မြို့နယ် ကျူတောဓာတ်အားခွဲရုံ၊ တက်သစ် ကျွန်းဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားများကို ယနေ့တွင် အဆိုပါဓာတ်အား ခွဲရုံများ၌ ကျင်းပသည်။

ရှေးဦးစွာ မှော်ဘီမြို့နယ် 33/11 KV, 5 MVA ရေကျော်ဓာတ်အားခွဲရုံ ကမ္ပည်း ကျောက်စာမော်ကွန်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

စက်ခလုတ်နှိပ်ဖွင့်လှစ်

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် 33/11 KV, 5 MVA ဝါးနက်ချောင်းဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာမော်ကွန်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ထန်းတပင်မြို့နယ်ရှိ 33/11 KV, 5 MVA ကျူတောဓာတ်အားခွဲရုံ ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေ အသုံးပြု၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်ခဲ့သော ဓာတ်အားခွဲရုံ ၁၃ ရုံအနက် မြောက်ပိုင်းခရိုင်အတွင်း တည်ဆောက်ရန်ဖြစ်သော ဓာတ်အားခွဲရုံ ခြောက်ရုံမှာ ပြီးစီးပြီး မှော်ဘီမြို့နယ်ရှိ 33/11 KV, 5 MVA ခွဲရုံများဖြစ်သည့် ရေ ကျော်ဓာတ်အားခွဲရုံ၊ ဝါးနက်ချောင်းဓာတ်အားခွဲရုံ နှစ်ရုံနှင့် ယခုထန်းတပင် မြို့နယ်အတွင်းရှိ 33/11 KV, 5 MVA ခွဲရုံများဖြစ်သည့် ကျူတောဓာတ်အားခွဲရုံနှင့် တက်သစ်ကျွန်းဓာတ်အားခွဲရုံတို့ကို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယနေ့တွင် 33/11 KV, 5 MVA ဓာတ်အားခွဲရုံ စုစုပေါင်း လေးရုံဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့ပူးပေါင်းပြီး မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှု လုပ်ငန်းများတွင် လျှပ်စစ် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများတည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများသို့ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် ကျေးရွာ ပေါင်း ၁၀၈၅ ရွာ မီးလင်းခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂၆၉ ရွာ ထပ်မံမီးလင်း ခဲ့ရာ ၆၄ ရာခိုင်နှုန်းခန့် လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း၄၉၆ ရွာ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင် ရွက်လျက်ရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၈၄ ရာခိုင်နှုန်းအထိ လျှပ်စစ် ဓာတ်အားသုံးစွဲလာနိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျန်ရှိသည့် ၃၅၅ ရွာကို လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ပေးရန် စီစဉ်ထားရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက် နေပြည်သူများအားလုံး ၁၀၀ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အားရရှိအောင် ရည်မှန်းချက်ထား စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သို့ပါ၍ လျှပ်စစ်မီးထပ်မံရရှိ သွားသည့် ပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစစ ထပ်မံတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျူတောဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာမော်ကွန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး ထန်းတပင် မြို့နယ်ရှိ 33/11 KV, 5 MVA တက်သစ်ကျွန်းဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာ မော်ကွန်းအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ခွဲရုံအတွင်း လိုက်လံစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်