မကွေးတိုင်းဒေသကြီး သရက်မြို့နှင့် အောင်လံမြို့သို့ ဆက်သွယ်ပေးမည့် ဧရာဝတီတံတား(သရက်-အောင်လံ) တည်ဆောက်လျက်ရှိ

Listing Description

သရက်   ဇန်နဝါရီ    ၃၀

မကွေးတိုင်းဒေသကြီး  သရက်မြို့နှင့် အောင်လံမြို့သို့ ဆက်သွယ်ပေးမည့်   ဧရာဝတီတံတား  (သရက်-အောင်လံ)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃)က   တာဝန်ယူ တည်ဆောက်လျက်ရှိသည်။

အဆိုပါတံတားသစ်၏       ပင်မတံတားမှာ သံပေါင်ခုံးတံတားအမျိုးအစားဖြစ်ပြီး ချဉ်းကပ်တံတား များအား သံကူကွန်ကရစ်ဖြင့် တည်ဆောက်မည် ဖြစ်ကာ ရေလယ်တိုင်အုတ်မြစ်များအား    သံကူ ကွန်ကရစ် ဘိုးပိုင်ဖြင့် တည်ဆောက်မည်ဖြစ်သည်။ တံတားခန်းဖွင့်အတွက် အရှည် ၁၄၄ မီတာစီပါဝင် သော   ခန်းဖွင့် ၁၂ ခန်းဖြင့် တည်ဆောက်မည်ဖြစ် ပြီး   သရက်မြို့ဘက်ကမ်းရှိ အရှည် မီတာ ၃၀၀ ရှိ သော    ချဉ်းကပ်တံတားအား မီတာ ၃၀ စီပါဝင်သောခန်းဖွင့် ၁၀ ခန်း၊ အောင်လံမြို့ဘက် ကမ်းရှိ မီတာ ၂၄၀ အရှည်ရှိသော ချဉ်းကပ်တံတားအား မီတာ ၃၀ စီပါဝင်သော ခန်းဖွင့်ရှစ်ခန်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပင်မတံတားအရှည် ၁၇၃၂ ဒသမ ၅ မီတာ

တံတားအရှည်စုစုပေါင်း ၂၂၇၂ ဒသမ ၅ မီတာရှိမည်ဖြစ်ပြီး ပင်မတံတား မှာအရှည် ၁၇၃၂ ဒသမ ၅ မီတာရှိမည်ဖြစ်ကာ တံတားအကျယ် ၁၀ ဒသမ ၅ မီတာ၊ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာနှင့် လူသွားလမ်းအကျယ် တစ်ဖက်လျှင်  တစ်မီတာစီ  ပါဝင်မည်ဖြစ်ကြောင်း၊   ရေလမ်းကင်းလွတ်အမြင့် ၁၆ မီတာနှင့် အကျယ်မီတာ ၁၃၀  ရှိမည်ဖြစ်ကာ  တံတားခံနိုင်ဝန်မှာ ၇၅ တန် ဖြစ်ကြောင်း တံတားတည်ဆောက်ရေးစီမံကိန်းကို တာဝန်ယူဆောင်ရွက်နေ သည့် တည်ဆောက်ရေးအဖွဲ့(၃)မှ သိရသည်။

တန်ဖိုးငွေကျပ်သန်းပေါင်း  ၉၈၀၀၀

တံတားသစ်တည်ဆောက်ရန်အတွက် ချဉ်းကပ်လမ်းအပါအဝင် ခန့်မှန်း တန်ဖိုးငွေကျပ်သန်းပေါင်း  ၉၈၀၀၀  အကုန်အကျခံ  တည်ဆောက်မည်ဟု လျာထားကြောင်းသိရကာ       တံတားသစ်တည်ဆောက်ရေးစီမံကိန်းကို တည်ဆောက်ရေးအဖွဲ့(၃)မှ ကျွမ်းကျင်အင်ဂျင်နီယာ ၃၀ နှင့်  ကာယ၊ ဉာဏ လုပ်သား ၂၀၀ ကျော် တို့ဖြင့်   လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ငါးစင်းမြောက် ဧရာဝတီမြစ်ကူးတံတား

ထို့အပြင် မကွေးတိုင်းဒေသကြီး၌ ဧရာဝတီတံတား(ပခုက္ကူ)၊ ဧရာဝတီ တံတား(မကွေး)၊ ဧရာဝတီတံတား(မလွန်)နှင့် အနော်ရထာတံတားတို့ဖြင့် တံတားလေးစင်း    တည်ဆောက်ထားရာ   ယခုတည်ဆောက်နေသည့် ဧရာဝတီ တံတား (သရက်-အောင်လံ)တည်ဆောက်ပြီးစီးပါက  မကွေးတိုင်းဒေသကြီး အတွင်း  ငါးစင်းမြောက်  ဧရာဝတီမြစ်ကူးတံတားဖြစ်လာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်