မဟာဗန္ဓုလပန်းခြံ

Listing Description

မဟာဗန္ဓုလပန်းခြံသည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ကျော်ကြားသော အများပြည်သူ အပန်းဖြေရာနေရာ ဖြစ်ပါသည်။ အရှေ့ဘက်တွင် မဟာဗန္ဓုလပန်းခြံလမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်း၊ တောင်ဘက်တွင် ကုန်သည်လမ်း နှင့် မြောက်ဘက်တွင် မဟာဗန္ဓုလလမ်းတို့ကြားတွင် တည်ရှိသည်။ ပန်းခြံပတ်လည်တွင် ဆူးလေဘုရား၊ ရန်ကုန်မြို့တော်ခန်းမ၊ တရားရုံးချုပ်အဆောက်အဦးဟောင်း၊ ဧဝံဂေလိဘုရားကျောင်း နှင့် အမေရိကန်သံရုံဟောင်း၊ ဗဟိုဘဏ်အဆောက်အဦးဟောင်းတို့ တည်ရှိပါသည်။ ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရသော အထိမ်းအမှတ် ကျောက်တိုင်လည်း ပန်းခြံအတွင်းတွင် တည်ရှိသည်။ ပန်းခြံကို ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄-၁၈၂၆) တွင် အသက်စွန့်တိုက်ခိုက်ခဲ့သော စစ်သူကြီး မဟာဗန္ဓုလအား ဂုဏ်ပြုသောအားဖြင့် အမည်မှည့်ခေါ်ထားပါသည်။ အကျယ်အဝန်းအားဖြင့် ၇.၅ ဧက (၃.၀ ဟက်တာ) ကျယ်ဝန်းကာ ယခင် က ၁၈၆၇ခုနှစ်၊ ၁၈၇၁ ခုနှစ်တို့တွင် ရန်ကုန်မြို့ကို အကွက်ချ ပြုပြင်ခဲ့သော မဟာဝန်ရှင်တော်မင်းကြီး မေဂျာဂျင်နရယ် အဲလ်ဘတ်ဖိုက်ချ် (Sir Albert Fytche) ကို အစွဲပြု၍ ဖိုက်ချ်စကွဲ (Fytche Square)ဟု ခေါ်ပါသည်။ ထိုနေရာသည် ယခင်က တင့်စကွဲဟု သိကျသော ညွန်ပေါသော နေရာလွတ်ကြီးတစ်ခုသာဖြစ်ပြီး အများပြည်သူအပန်းဖြေရာနေရာအဖြစ် ရှင်းလင်းအကွက်ချခဲ့ရပါသည်။ ရန်ကုန်ရှိ ချမ်းသာသော အမေရိကန်ကုမ္ပဏီတစ်ခုမှ စကျင်ကျောက်တို့ဖြင့် ထုလုပ်ထားသော ဝိတိုရိယ ဘုရင်မကျောက်ရုပ်ကို လက်ဆောင်အဖြစ်ပေး၍ ပန်းခြံ၏ အလယ်တွင် ၁၈၉၆ ခုနှစ်တွင် ထားရှိခဲ့ပါသည်။ ၁၉၃၅ ခုနှစ်လွန်ခဲ့ပြီးနောက် အမျိုးသားစိတ်ဓာတ်များ ရင့်သန်လာသောအခါတွင် ထိုရင်ပြင်အား ဗန္ဓုလရင်ပြင်ဟု အမည့်ပြောင်းလဲခဲ့သည်။ အင်္ဂလိပ်ခေတ်က ညနေစောင်းအခါများ၌ ပန်းခြံတွင်းတွင် အင်္ဂလိပ်ဘင်ခရာ အဖွဲ့သာ ဖျော်ဖြေရပြီး နောင်တွင်မှ မြန်မာအငြိမ့်များပါ ဖျော်ဖြေခဲ့ကြပါသည်။ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရသော အထိမ်းအမှတ် ကျောက်တိုင်ကို ၁၉၄၈ ခုတွင် ယခင် ဝီတိုရိယဘုရင်မကြီး ရုပ်တုနေရာ၌ ထားရှိခဲ့သည်။ ဝီတိုရိယဘုရင်မကြီးရုပ်တုကို မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံသို့ ပြန်သယ်သွားခဲ့ပါသည်။ လွတ်လပ်ရေးကျောက်တိုင်၏ ဗိသုကာပညာရှင်မှာ စည်သူဦးတင်ဖြစ်ပြီး ရန်ကုန်မြို့တော်ခန်းမကို ဆောက်လုပ်ခဲ့သော ပညာရှင်လည်းဖြစ်သည်။ ပန်းခြံအား ၂၀၁၂ ခုနှစ်တွင် ပြန်လည်မွမ်းမံခဲ့ပါသည်။