မာမာအေး

Listing Description

မြန်မာ သက္ကရာဇ် ၁၃ဝ၄ ခုနှစ် ဒုတိယ ဝါဆိုလတွင် မြောင်းမြမြို့ ရှမ်းကုန်းပိုင်း၌ ဖွားမြင်သည်။ ဖခင် နှဲဆရာ ဦးအေး၊ မိခင် ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း) တို့ ဖြစ်ပြီး အမည်ရင်း မအေးမြင့် ဖြစ်သည်။ အသက် ၃ နှစ်ကျော်မှ စ၍ "ခေတ်သစ် ရာဇဝင် ပြဇာတ်အဖွဲ့" တွင် သီချင်းဆို၊ ပြဇာတ် ကခဲ့သည်။ အသက် ၈ နှစ်တွင် စတင် အသံလွှင့်ခဲ့သည်။ သန်းသန်းမြင့် အမည်ဖြင့် "စန္ဒရား မြမြအေး အပျော်တမ်း တူရိယာ အဖွဲ့"၊ မြင့်မြင့်အေး အမည် ဖြင့် "ပွင့်ဦး တေးသံ အပျော်တမ်း တူရိယာ အဖွဲ့"၊ "မြင့်သီရိ အပျော်ထမ်း တူရိယာ အဖွဲ့"၊ "ချိုတေးရှင် တူရိယာ အဖွဲ့"၊ မာမာအေး အမည်ဖြင့် "ရဲသီဟ အပျော်တမ်း တူရိယာ အဖွဲ့"၊ "စစ်ရဲ ဂီတ တူရိယာ အဖွဲ့"၊ "ကေသီပန် တူရိယာ အဖွဲ့"၊ "ဂီတ မာလာ သီချင်းကြီး တူရိယာ အဖွဲ့"၊ "စောင်း ဦးခင်မြင့် သီချင်းကြီး တူရိယာ အဖွဲ့"၊ "မန္တလေး စန္ဒရား ဦးအုန်းမောင် သီချင်းကြီး တူရိယာ အဖွဲ့" တို့တွင် ပါဝင် ဖျော်ဖြေ ခဲ့သည်။

၁၉၅၅ ခုနှစ်တွင် "သက်တန့်ပေါ်မှာ ကစားမယ်" သီချင်းဖြင့် နိုင်ငံသိ အဆိုတော် ဖြစ်လာသည်။

၁၉၅၆၊ ၅၇၊ ၅၈ ခုနှစ်များတွင် ကျောင်းပေါင်းစုံ ကဗျာရွတ် ပြိုင်ပွဲ၌ အလယ်တန်း ပထမဆု ၃ နှစ် ဆက်တိုက် ရရှိ၍ တံခွန်စိုက်ဆု အပ်နှင်းခြင်း ခံရသည်။ ထိုကာလများအတွင်း "လေးမာ" ကလောင်အမည်ဖြင့် ကဗျာစာညွန့်၊ သီချင်းများလည်း ရေးခဲ့သည်။ ၁၉၆၁ မှစတင်၍ မြန်မာ့အသံ၌ အစီအစဉ် လက်ထောက်ထုတ်လွှင့်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်သည်။ မြန်မာနိုင်ငံ၏ ခေတ်ပေါ်တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်လည်း ဖြစ်သည်။ “မြခြူသံ”၊ “သူ့ကိုမှ ချစ်သည်”၊ “မန်ဒါလီ” စသည့် ရုပ်ရှင်ကား၏ သရုပ်ဆောင်လည်း ဖြစ်သည်။

၁၉၇၁ ခုနှစ်တွင် “တေးသံရှင်ဓာတ်ပြားထုတ်လုပ်ရေး” ကို တည်ထောင်ခဲ့သည်။ “သိုးကလေးမေမေ” လုံးချင်းဝတ္ထု ရေးသားခဲ့သည်။

၁၉၇၆ တွင် “အေး အဆိုလေ့ကျင့်‌ရေးကျောင်း” တည်ထောင်ခဲ့သည်။ “မာမာအေး တေးဂီတလုပ်ငန်း”၊ စတူဒီယို - အေ အသံသွင်းခန်း စသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် အမျိုးသားဂီတပညာရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး (၁)၊ ၁၉၉၅ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မဟာဂီတ သီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုရေး ကော်မတီအဖွဲ့ဝင်၊ စည်းဝါးသံကျ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး စသည့် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်များအတွင်း ပြုလုပ်သော ဆိုကရေးတီး ပြိုင်ပွဲများတွင် အဆိုအဖွဲ့ (မဟာဂီတ) အတွင်းရေးမှူး ဖြစ်သည်။

၁၉၉၈ ခုနှစ်၌ အမေရိကန် ပြည်ထောင်စုတွင် ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၌ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။

အဆိုတော်ကြီး မာမာအေးသည် (၂၀၂၄ ခုနှစ် ဇန်နဝါရီ ၉ ) မြန်မာစံတော်ချိန်  နံနက် ၅ နာရီ ၅၈ မိနစ်တွင် အမေရိကန်ပြည်ထောင်စု၊ ဖိုဒ်ဝိန်းမြို့ နေအိမ်တွင် ကွယ်လွန်သည် ကွယ်လွန်ချိန်တွင် အသက် ၈၂ နှစ်ရှိသည်