မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမှိုက်မှ စွမ်းအင်ထုတ်စက်ရုံ(ရန်ကုန်)၌ လျှပ်စစ်ဓါတ်အား ၇၆၀ ကီလိုဝပ်ကို နေ့စဉ်ပုံမှန်ထုတ်လုပ်ပေးလျက်ရှိ

Listing Description

ရန်ကုန် ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံ၌ ပထမဦးဆုံး အမှိုက်မှစွမ်းအင်ထုတ်စက်ရုံ (ရန်ကုန်) -Yangon Waste to Energy Plant ကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးပညာဖြင့် အကောင်အထည်ဖော် တည်ဆောက်ထားရာ အဆိုပါ စက်ရုံ၌ စွန့်ပစ် အမှိုက်များမှ လျှပ်စစ်ဓာတ်အား ၇၆၀ ကီလိုဝပ်ကို နေ့စဉ်ပုံမှန် ထုတ်လုပ် ပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ပူးပေါင်းဆောင်ရွက်

အဆိုပါစက်ရုံတည်ဆောက်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနနှင့် ဂျပန်နိုင်ငံ တိုကျို ဒေသန္တရ အစိုးရတို့မှ ရွေးချယ်သော JFE Engineering ကော်ပိုရေးရှင်းတို့က ၂၀၁၅ခုနှစ် မေလက စတင်ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ရန်ကုန်ပြည်လမ်းနှင့် အမှတ်(၄)လမ်းတို့ကို ဆက်သွယ်ထားသော လှော်ကား လမ်းမ (ရဲအကြပ်အတတ်သင်ကျောင်းအနီး) ရှိ မြေဧရိယာ ၁၅ ဧကခန့်ပေါ်၌ အမေရိကန် ဒေါ်လာ ၁၆ သန်းအကုန် အကျခံ တည်ဆောက်ထားရာ JCM အစီအစဉ်အရ အိမ်ရှင် မြန်မာနိုင်ငံမှ ၅၀ ရာခိုင်နှုန်း၊ဂျပန်အစိုးရမှ ၅၀ ရာခိုင်နှုန်း နှင့် နည်းပညာပံ့ပိုးရန် သဘောတူညီမှုရရှိခဲ့ကြကြောင်း၊ ယခုအခါ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးပညာဖြင့် အမှိုက်များကို မီးရှို့၍ထွက်လာသော အပူကို အသုံးပြုကာ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဧပြီ ၇ ရက်မှစတင်၍ မင်္ဂလာဒုံ မြို့နယ်မှထွက်ရှိသော စွန့်ပစ်အမှိုက်များကို လက်ခံပြီး တစ်ရက်လျှင် တန် ၆၀ မီးရှို့ဖျက်ဆီးနိုင်ခဲ့ရာ နေ့စဉ်လျှပ်စစ် ဓာတ်အား ၇၆၀ကီလိုဝပ်ကို ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ စက်ရုံလည်ပတ်ရေးအတွက် လျှပ်စစ်ဓာတ်အား ၄၀၀ ကီလိုဝပ်ကို ပြန်လည်သုံးစွဲပြီး ကျန်လျှပ်စစ်ဓာတ်အား ၃၀၀ ကီလိုဝပ်ကို YESC ၏ နိုင်ငံတော်လျှပ်စစ်ဓာတ်အားလိုင်း အတွင်းသို့ထည့်သွင်းပေးပို့သောကြောင့်တစ်လလျှင်လျှပ်စစ် ပမာဏခန့်မှန်း 180 MWh ကို ထည့်သွင်း ပေးပို့နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်(၈) ဦးသူရအောင်က ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ပထမဦးဆုံး တည်ထောင်တဲ့ အမှိုက်မှ စွမ်းအင်ထုတ်စက်ရုံဖြစ်ပါတယ်။ ပြီးတော့ လေထုညစ်ညမ်း မှုကိုလည်း အနည်းဆုံးထိန်းသိမ်းနိုင်ပြီး လေထုညစ်ညမ်းမှု ညွှန်းကိန်းများဟာလည်း နိုင်ငံတကာလေထုညစ်ညမ်းမှု ညွှန်းကိန်းများ၊ စံချိန်စံညွှန်းများအတိုင်း ကိုက်ညီမှုရှိပါတယ်။ Waste Yard ရဲ့ အမှိုက်လက်ခံနိုင်တဲ့ပမာဏက ၃ ရက်စာကို တန်ချိန် ၂၀၀ ခန့် စုပုံထားရှိနိုင်ပေမယ့် စက်ရုံက တစ်ရက်ကို အမှိုက်တန်ချိန် ၆၀ ပဲမီးရှို့ ဖျက်ဆီးနိုင်တာမို့ မင်္ဂလာဒုံမြို့နယ်ကထွက်ရှိတဲ့ အမှိုက်တန်ချိန် ၆၀ အတွက်သာ ကျွန်တော်တို့အနေနဲ့ စက်ဆောင်ရွက် လည်ပတ်ပေးတာဖြစ်ပါတယ်။ တကယ်တမ်း ရန်ကုန်မြို့မှာ နေ့စဉ်အမှိုက်တန်ချိန် ၂၅၀၀ မှ ၂၇၀၀ ကြား ပုံမှန်အမှိုက် ထွက်ရှိနေတာမို့ အမှိုက်ကနေ လျှပ်စစ်ဓာတ်အားတွေထပ်မံ ပြီးတော့ထုတ်လုပ်နိုင်အောင်လို့ အမှိုက်ကနေ စွမ်းအင်ထုတ် စက်ရုံတွေ ထပ်မံတည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ အများကြီးကြိုးစားနေပါတယ်။ ကုန်ကျစရိတ်များတဲ့ အတွက်လည်း ရရှိတဲ့ ဘဏ္ဍာငွေဘတ်ဂျက်ပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်နိုင်အောင် ကြိုးစားနေပါတယ်” ဟု ကော်မတီဝင်(၈) ဦးသူရအောင်က ဆက်လက်ရှင်းပြသည်။

“တကယ်တမ်းတော့ ကျွန်တော်တို့ဆီက အင်ဂျင်နီယာ ဝန်ထမ်းတွေကို နည်းပညာနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ ပညာတော်သင်စေလွှတ်ဖို့ပေါ့။ ဒါပေမယ့် ပညာတော်သင်စေလွှတ်မယ်ဆိုရင် ကုန်ကျစရိတ်က ပိုများမယ်လေ။ ဒါကြောင့်မို့ တစ်လက်စထဲ ကျွန်တော်တို့နိုင်ငံသားတွေ ပညာရပြီး ဒီမှာလည်းအလုပ်ဖြစ်သွားအောင် ဂျပန်နိုင်ငံက ပညာရှင်တွေကိုပါ ဒီမှာခေါ်ယူပြီး တာဝန်ထမ်းဆောင်စေ တာလည်းဖြစ်ပါတယ်။ လေးနှစ်တာကာလကျော်ဖြတ်လာ တဲ့အပိုင်းမှာ ကျွန်တော်တို့ဆီက ဝန်ထမ်းတွေရဲ့ လုပ်ငန်း ကျွမ်းကျင်မှုက တော်တော်လေးကို တိုးတက်လာပါပြီ။ အမှိုက်ရွေး ဝန်ထမ်းတွေဟာ အမြဲတမ်းနံစော်နေတဲ့ စက်ရုံ ဝင်းအတွင်းမှာပဲ တာဝန်ထမ်းဆောင်နေကြရတဲ့ အတွက် သူတို့ရဲ့ စိတ်ဓာတ်အင်အား စိတ်ဓာတ်ခွန်အားရှိဖို့ကိုလည်း ကျွန်တော်တို့က အမြဲတမ်းအားပေးမှု ပြုနေရပါတယ်။ ဒါမှ သာလျှင် ရေရှည်ဌာနမှာ တာဝန်ထမ်းဆောင်နိုင်ကြမှာ လည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ရန်ကုန် မြို့နေ ပြည်သူတွေဟာ မိမိတို့အိမ်တွေက နေ့စဉ်ထွက်ရှိတဲ့ အမှိုက်တွေကို စနစ်တကျအစို၊အခြောက်ခွဲခြား စုစည်းပြီး စည်းကမ်းရှိရှိနဲ့ သတ်မှတ်နေရာမှာ စွန့်ပစ်ခြင်းဟာလည်း တစ်ဖက်ကနေ ပြန်လည်အကျိုးပြုစေနိုင်တယ်ဆိုတာကို သိကြစေချင်ပါတယ်”ဟု ဦးသူရအောင်က သုံးသပ် ပြောကြားသည်။

အမှိုက်မှစွမ်းအင်ထုတ်စက်ရုံ(ရန်ကုန်)တွင် စွန့်ပစ် အမှိုက် ၉၀ ရာခိုင်နှုန်းအထိ ချေဖျက်ပေးနိုင်ကြောင်း သိရပြီး ပြန်လည်ထွက်ရှိသည့် စွန့်ပစ်အမှိုက် ၁၀ ရာခိုင်နှုန်းကို ရွှေပြည်သာမြို့နယ်ရှိ ကျူချောင်းသုသာန်၌ စနစ်တကျ စွန့်ပစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

သတင်း-ပွင့်သစ္စာ

ဓာတ်ပုံ-စိုးမြင့်အောင်