ဧရာဝတီဘဏ်ရုံးချုပ်(ရိုးကုန်တိုက်)

Listing Description

ဧရာဝတီဘဏ်ရုံးချုပ်သည် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလမ်း၊ ရန်ကုန်မြို့တော်ခန်းမနှင့် ကပ်လျက်တည်ရှိပါသည်။ လက်ရှိ ဧရာဝတီဘဏ်ရုံးချုပ်အဆောက်အဦးကို ၁၉၀၈-၁၉၁၀ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ထိုခေတ်တွင် ပြည်တွင်းသာမက အာရှတခွင်တွင်ပါ နာမည်ကျော်ကြားခဲ့သော ရိုးကုန်တိုက်(Rowe & Co) ဖြစ်ခဲ့သည်။ ကုန်တိုက်အဆောက်အအုံကို အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမှ ချားလ်စတီဗင်ဆင်ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲပေးခဲ့ပါသည်။ အဆောက်အအုံအကျယ်အဝန်းမှာ စတုရန်းပေ ၂၂၀၀၀ ကျယ်ဝန်း သည်ဟု သိရှိရပြီး အဆိုပါအဆောက်အအုံမှာ ရန်ကုန်မြို့တွင် ပထမဆုံးသော မြေအောက်ခန်းနှင့် သံမဏိဘောင်များကိုအသုံးပြုသည့်အဆောက်အအုံဖြစ်သည်။ အတွင်းဒီဇိုင်းများမှာလည်း အဆိုပါကာလတွင် ခေတ်အမှီဆုံးဒီဇိုင်းများကို အသုံးပြုထားသည်။ ရိုးကုန်တိုက်တည်ဆောက်စဉ် ကာလမှာ ရန်ကုန်မြို့၌ လျှပ်စစ်မီးကို စတင်အသုံးပြုကာစဖြစ်သော်လည်း အဆိုပါအဆောက်အုံတွင် လျှပ်စစ်ဓါတ်လှေကားနှင့် မျက်နှာကြက်ပန်ကာများကို စတင်အသုံးပြုခဲ့သည်။ အဆောက်အဦဒီဇိုင်းကို စတီဗင်ဆင်ကုမ္ပဏီမှရေးဆွဲပြီးနောက် တည်ဆောက်ရေးလုပ်ငန်းများကိုမူ ရော်ဘင်ဆင်နှင့် မန်ဒီကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။ ရော်ဘင်ဆင်နှင့်မန်ဒီကုမ္ပဏီမှာ ၁၈၇၀ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည့် ရန်ကုန်ဆောက်လုပ်ရေးလောကမှ နာမည်ကျော် ဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်ပြီး  J & F Graham Shipping Company(ယခု ဗြိတိသျှသံရုံး)၊ Finlay, Fleming & Company(ဘီအိုစီရေနံရုံး) တို့ကိုလည်း တည်ဆောက်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။ ကိုလိုနီခေတ်နှင့်ဖဆပလခေတ်တွင် ရိုးကုန်တိုက်တိုက်သည် ဥရောပသားနှင့် အာရှသူဌေးတို့၏ shopping paradise ဖြစ်ခဲ့ပြီးကုန်ပစ္စည်းအမျိုးအစားစုံလင်စွာရောင်းချနိုင်ခဲ့သည့် အတွက် မြန်မာပိုင်ကုန်တိုက်တစ်ခုဖြစ်သည့် ဦးဘညွန့်၏မြန်မာ့အဆွေကုန်တိုက်မှာမူ ရိုးကုန်တိုက်ကို မယှဉ်နိုင်ခဲ့ပေ။ ရိုးကုန်တိုက်သည် ၎င်းတို့ထံတွင် ဝယ်ယူရရှိနိုင်သည့် ပစ္စည်းများကို စာမျက်နှာ ၃၀၀ ခန့်ရှိသည့် ကတ်တလောက်တစ်ခုလုပ်၍တစ်နှစ်လျှင် လေးကြိမ်ထုတ်ဝေခဲ့သည်ဟု မှတ်တမ်းများက ဆိုသည်။ နောက်ပိုင်းတွင် ရိုးကုန်တိုက်သည် မြန်မာတစ်နိုင်ငံလုံးတွင် လက်ခွဲကုန်တိုက်ပေါင်း ၃၈ တိုက်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် အဆိုပါ ရိုးကုန်တိုက်နှင့် လက်ခွဲကုန်တိုက်ပေါင်း ၃၈ တိုက်ကို ပြည်သူပိုင်သိမ်းခံခဲ့ရသည်။ ယင်းရိုးကုန်တိုက်အဆောက်အအုံဟောင်းကို ပြည့်သူအင်အားဦးစီးဌာနအဖြစ် ၂၀၀၅ ခုနှစ်အထိ အသုံးပြုခဲ့သည်။ ဆိုရှယ်လစ်ခေတ်အတွင်းတွင် လုပ်သားကောလိပ်၏ စာကြည့်တိုက်အဖြစ်လည်း အသုံးပြုခဲ့ပါသည်။ လက်ရှိအချိန်တွင် ဧရာဝတီဘဏ်ရုံးချုပ်အဖြစ် အသုံးပြုလျက်ရှိကာ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဒုတိယမြောက် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့ပါသည်။