ဂျော်ဘွမ်ဆုတောင်းတောင်

Listing Description

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျော်ဘွမ်တောင်ကို ကချင်ဘာသာစကားအားဖြင့် (Jaw Masat Akyu Hpi Bum) ဟု ဒေသခံများမှ ခေါ်ဆိုပါသည်။ ၁၉၇၇ ခုနှစ် ကချင်ပြည်နယ် နှစ်ခြင်းသာသနာပြု (KBC) ၏ အနှစ်တစ်ရာပြည့် ဂျူဗလီပွဲတော်မကျင်းပမီအချိန်ကတည်းက ကချင်ပြည်နယ်၏ နှစ်ခြင်းကျမ်းစာသင်ကျောင်း (နောင်နန်း) တည်ရှိခဲ့သည့် နေရာလည်းဖြစ်သည်။ ထိုခေတ်ကာလအချိန်တွင် ဆုတောင်းတောင်ရှိ မျှော်စင်မှာ ဝါးများဖြင့်သာ အဆင့်ဆင့်တည်ဆောက်ထားခဲ့ကြသော်လည်း ယခု မျက်မှောက်ခေတ်တွင် အဆင်း ၆ ဆင့်ကို (R.C အုတ်ညှပ်) အမြင့်ပေ ၆၀၀ အထက်ခန့် အခိုင်အမာ တည်ဆောက်ထားသည်ကို တွေ့နိုင်ပါသည်။  ကချင်နှစ်ခြင်းသာသနာပြုခြင်း အထိမ်းအမှတ် ကဗ္ဗည်းကျောက်စာတိုင်တွင် KBC 3/300 SaSaNa Masat DingSat (20.2.1978 - 20.2.1981) ဟုရေးသားဖော်ပြ ထားရှိသည်အား လေ့လာတွေ့ရှိရသည်။ ဆုတောင်းမျှော်စင်မှ လှမ်းမြှော်ကြည့်လိုက်လျင် တောင်ခြေအနီးရှိ ခရစ်ယာန်ဘာသာဝင်များ မြုပ်နှံရာ သင်္ချိုင်းဂူ ကိုတွေ့မြင်နိုင်ပါသည်။ ထို့ပြင် ကချင်ပြည်နယ် ဧရာဝတီမြစ်ကူးတံတား (ဗလမင်းထင်တံတား) အလှအား တစ်မျှော်တစ်ခေါ်ရှုမြင်ခံစားနိုင်ပါသည်။ ရှေးယခင်အချိန်ကာလတွင် ကချင်နှစ်ခြင်းသာသနာဘာသာဝင်တို့၏ ဆုတောင်းခြင်းအတွက်သာ တည်ထားရှိသော နေရာတစ်ခုဖြစ်ခဲ့သော်လည်း နောင်ကြာမြင့်လာသောခေတ်စနစ် ပြောင်းလဲမှုနှင့်အတူ ဤဆုတောင်းတောင်နေရာသည် ကချင်ပြည်နယ်ရောက်ခရီးသွားများနှင့် ဒေသနေအများပြည်သူတို့ လာရောက်လည်ပတ် အနားယူလျက်ရှိသော ဂျော်ဘွမ်(JawBum) တောင်အပန်းဖြေစခန်းအဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။