မဟာသိမ်တော်ကြီး

Listing Description

မဟာသိမ်တော်ကြီး ဘွဲ့အမည်ဖြင့် ထင်ရှားသော သိမ်တော်ကြီးသည် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေးနှင့် ကုန်ဈေးတန်းအကြား၌ မဟာဗန္ဓုလလမ်းကို မျက်နှာပြုလျက် တည်ရှိနေသည့် 'မြတ်စွာဘုရားကျောင်းတော်ကြီး' ၏အနောက်ဘက်တွင် တည်ရှိသည်။ အချို့က သိမ်တော်ကြီး၏ အရှေ့ဘက်ရှိ 'မြတ်စွာဘုရားကျောင်းတော်ကြီး' ကိုပင် မူလသိမ်တော်ကြီးဟု မှတ်ယူကြသည်။ အမှန်မှာ 'မြတ်စွာဘုရားကျောင်းတော်ကြီး'သည် ဗုဒ္ဓရုပ်ပွားတော်မြတ်များ သီတင်းသုံးတော်မူရာ စံကျောင်းတော်ကြီးသာ ဖြစ်သည်။ မူလသိမ်တော်ကြီးမှာ မြတ်စွာဘုရားကျောင်းတော်ကြီး၏ နောက်ဘက်အတွင်းပိုင်း၌ ကျောင်းအဆောက်အအုံများ ဝန်းရံလျက် တသီးတခြား တည်ရှိပါသည်။ သိမ်တော်ကြီးအား ဝန်းရံလျက်ရှိသည့် ကျောင်းအဆောက်အဦးများ၌ သီတင်းသုံးကြသော စာသင်သား သံဃာတော်များအား စာပေသင်ကြားပို့ချမှုအပေါ်မူတည်လျက် သိမ်တော်ကြီးပရိယတ္တိစာသင်တိုက် အဖြစ်လည်း ထင်ရှားလျက်ရှိသည်။ ရှေးယခင်က သိမ်တော်ကြီး၏အနီးတွင် ရဟန္တာမဟာသိမ်တော်ကြီးအား တည်ထားသမုတ်တော်မူခဲ့ကြသော ရဟန္တာအရှင်မြတ်တို့၏ ကြီးကြပ်မှုဖြင့် အမတ်သူရဲကောင်းတို့မှ စေတီတစ်ဆူတည်ထားခဲ့ကြပြီး မဟာသိမ်တော်ကြီးကိုလည်း ရှေ့ဆင့်နောက်ဆင့် တည်ထားခဲ့သည်ဟု သိရသည်။ အင်္ဂလိပ်များ ရန်ကုန်မြို့ကို မြို့ကွက်သစ်တိုးချဲ့သည့် အခါ ၎င်းစေတီကြီးကို ဖြိုချဖျက်ဆီးပြီး ဖယ်ရှားခဲ့သည်။ ၎င်းစေတီတော်ကို အစွဲပြု၍ သိမ်တော်ကြီးကို ကျိုက်မဲသံကရော၊ ကျိုက်မဲသံချို၊ ကျိုက်မြတ်သံချို သိမ်တော်ကြီးဟု ဘွဲ့မည်သုံးမျိုး ခေါ်တွင်ခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။ ယခုအခါ မဟာသိမ်တော်ကြီးဟု ထင်ရှားသည်။ သက္ကရာဇ် ၁၉၁၅ ခုနှစ်တွင် ဦးအေးမောင်နှင့် ဒေါ်မြစ်တို့မှ မဟာသိမ်တော်ကြီးကို အသစ်ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် သိမ်တော်ကြီးရှိ သာသနိက အဆောက်အအုံအချို့ ပျက်စီးခဲ့ရပြီး ဆရာတော် ဦးဝလာသက အုတ်တစ်လှည်း၊ သဲတစ်စီးမှ စတင်အလှူခံပြီး ပြုပြင်မွမ်းမံခဲ့ရာ ၁၉၄၆ ခုနှစ်တွင် ယခု 'မြတ်စွာဘုရားကျောင်းတော်ကြီး'ဟူသော တိုက်ကျောင်းကြီးတစ်ကျောင်းကို အောင်မြင်စွာ ဆောက်လုပ်ခဲ့ပါသည်။ ဤသို့ဖြင့် ခေတ်အဆက်ဆက် တိုးချဲ့မွမ်းမံပြင်ဆင်လာခဲ့ရာ ၁၉၈၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် လေးထပ်စာသင်တိုက် ကျောင်းဆောင်အသစ်ဆောက်လုပ်ရန် အုတ်မြစ်ချခဲ့ပြီး ၁၉၈၈ ခုနှစ် မေလ ၂၅ ရက်နေ့တွင် အောင်မြင်စွာ ဆောက်လုပ်ပြီးစီးခဲ့သည်။ ယနေ့ခေတ်ကာလတွင် မဟာသိမ်တော်ကြီးသည် ရန်ကုန်မြို့ပြအမွေအနှစ်အဆောက်အအုံများတွင် တစ်ခုအပါအဝင်ဖြစ်လျက် ရန်ကုန်မြို့လယ်တွင် ထင်ထင်ရှားရှား တည်ရှိနေပါသည်။


Credit ဆရာမြတ်ဈာန်