အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဘဲတန်းမြို့နယ်

Listing Description

ပန်းဘဲတန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသည် အမှတ် (၂၇၀)၊ ရွှေတိဂုံဘုရားလမ်း၊ ပန်းဘဲတန်းမြို့နယ်တွင်တည်ရှိသည်။ ပန်းဘဲတန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းကို ဆရာမှတ်ကြီးဟု ထင်ရှားသော ဒေါက်တာ ဂျေအီးမာ့(ခ်စ်) ( Rev. Dr. J.E. Marks) မှ ၁၈၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်စတင်တည်ထောင်ခဲ့သည်။ ယခင်က ခရစ်ယာန် သာသနာပြုကျောင်းဖြစ်ပြီး စိန့်မေရီဒိုင်အိုစီဇင် မိန်းကလေးအထက်တန်းကျောင်းဟု ခေါ်ဆိုကာ ရန်ကုန်မြို့ရှိ အစောဆုံး မိန်းကလေးကျောင်းများအနက်မှ တစ်ခုဖြစ်သည်။ မူလက သစ်သားကျောင်းဆောင်ဖြစ်သော်လည်း လက်ရှိ  သုံးထပ်ကျောင်းဆောင်သစ်ဖြင့် ၁၉၁၅ ခုနှစ်တွင် ပြောင်းလဲခဲ့ပြီး အပေါ်ဆုံးထပ်တွင် ဝတ်ပြုခန်းမ၊ ကျောင်းသူများ အိပ်ဆောင်၊ ပထမထပ်တွင် ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာမများ နေထိုင်သည့် အခန်းနှင့် မြေညီထပ်တွင် စည်းဝေးခန်းမဆောင်ကို ထည့်သွင်းဆောက်လုပ်ခဲ့ပါသည်။ ပြည်သူပိုင်သိမ်းဆည်းခဲ့ပြီးနောက် ၁၉၆၅ ခုနှစ် ဧပြီလ ၁ ရက်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဟု အမည်ပြောင်းလဲ သတ်မှတ်ခေါ်တွင်ခဲ့ကြောင်းသိရသည်။ မိန်းကလေးအထက်တန်းကျောင်းအဖြစ် လက်ရှိအချိန်အထိ ပညာသင်ကြားပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ ၃၅ ခုမြောက် ရှေးဟောင်းအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့ပါသည်။