စရီဂျိန်း ရွှေတာဘရ်ဘုရားကျောင်း

Listing Description

ဂျိန်းဘာသာဝင်များ ဝတ်ပြုရာဖြစ်သော စရီဂျိန်းရွှေတာဘရ်ဘုရားကျောင်း (Shree Jain Shwetamber Murtipujak Temple)သည် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၉ လမ်း၊ အမှတ် (၇၆/ ၇၈) တွင် တည်ရှိပါသည်။ ၁၉၁၄ ခုနှစ်ခန့်တွင် တည်ဆောက်ခဲ့ပြီး ဘုရားကျောင်း၏ အပေါ်ထပ်အမိုးတွင် ခြင်္သေ့နှစ်ကောင် မတ်တပ်ရပ်နေသည့်ပုံကို ထုလုပ်ထားပါသည်။ ကိုလိုနီခေတ်တွင် ရန်ကုန်မြို့၌ ဂျိန်းဘာသာဝင်ပေါင်း ၁ သောင်းခန့် အခြေချနေထိုင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီးတွင် ဂျိန်းဘာသာဝင်များ ရန်ကုန်ကို စွန့်ခွာခဲ့ကြပါသည်။ ယနေ့ခေတ်တွင် ရန်ကုန်၌ ဂျိန်းဘာသာဝင် မိသားစု အနည်းငယ်မျှသာ နေထိုင်ကြသည်ဟု သိရပါသည်။ ဂျိန်းဘာသာရေးခေါင်းဆောင် မဟာဝီရရုပ်တုသည် ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်သည့် ဂေါတမမြတ်စွာဘုရားနှင့် ဆင်တူသဖြင့် အိန္ဒိယသို့ ဗုဒ္ဓဂါယာဘုရားဖူးထွက်ပြီး ပြန်လာကြသူများအများစုသည် ဂျိန်းဘုရားရုပ်တုကို မှားဝယ်လေ့ရှိတတ်သည်။ ဂျိန်းဘုရားဖြစ်သော မဟာဝီရ၏ ရင်ညွန့်တွင် စကြာတံဆိပ် ခတ်နှိပ်ထားလေ့ရှိပါသည်။ ဘုရားကျောင်းအဆောက်အဦးသည် ယခုအခါ ရန်ကုန်မြို့ရှေးဟောင်းအမွေ အနှစ်စာရင်းဝင် အဆောက်အဦးတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။