ပန်းဘဲတန်းမြို့နယ်ရှိ နောက်ဖေးလမ်းကြား စိမ်းလန်းစိုပြည်ဥယျာဉ်ကို ဖေဖော်ဝါရီ ၇ ရက်တွင် ဖွင့်လှစ်မည်

Listing Description

ရန်ကုန် ဇန်နဝါရီ ၂၂

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၏ လမ်းညွှန်မှုဖြင့် ဒို့အိမ်အဖွဲ့နှင့် စိမ်းလန်း စိုပြည် ဥယျာဉ်ပြုပြင်ထိန်းသိမ်းရေးကော်မတီ တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် နေသည့် ရန်ကုန်မြို့   ပန်းဘဲတန်းမြို့နယ်မှ နောက်ဖေးလမ်းကြား စိမ်းလန်းစိုပြည်ဥယျာဉ် ကို လာမည့် ဖေဖော်ဝါရီ ၇ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ   အဆင့်မြင့်   စိမ်းလန်းစိုပြည် ဥယျာဉ်ကို ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် (၇)ရပ်ကွက်အတွင်းရှိ ၂၉ လမ်းနှင့် လမ်း ၃၀ ကြား(အလယ်ဘလောက်) နောက်ဖေးလမ်း ကြား၌ အကောင်အထည်ဖော်လျက်ရှိပြီး ယခု အခါ နံရံဆေးသုတ်လုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ကျော်နှင့် ပန်းချီဆွဲခြင်းလုပ်ငန်းများမှာ ၄၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။

ယင်း အဆင့်မြင့် စိမ်းလန်းစိုပြည်ဥယျာဉ် သည် ဒို့အိမ်အဖွဲ့အနေဖြင့် ဆောင်ရွက်ခဲ့သည့် ၁၂ ခုမြောက်ဖြစ်၍ ယခင်က ပန်းဘဲတန်း မြို့နယ်တွင် ၁၀ ခုနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တွင် တစ်ခုတို့ကို လုပ်ဆောင်ခဲ့ပြီးဖြစ် သည်။

"ကျွန်တော်တို့ ဒို့အိမ်အနေနဲ့ ဒီလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် သုံးလပိုင်းလောက်ကတည်းက စတင် အကောင်အထည်ဖော်ခဲ့တာပါ။ မစခင် ကတည်းက တစ်အိမ်တက်ဆင်း လိုချင်၊ ထည့် ချင်တဲ့ ဒီဇိုင်းပုံစံလေးတွေကို Survey လုပ်ခဲ့ပါ တယ်။ ဒီနောက်ဖေးလမ်းကြား စိမ်းလမ်းစိုပြည် ဥယျာဉ်ကို အဆင့်မြင့်မြင့်နဲ့ အနားယူနိုင်မယ့် အနေအထားမျိုးဖြစ်အောင် လုပ်ဆောင်သွား မှာပါ"ဟု  ဒို့အိမ်အဖွဲ့မှ  ကိုပြည့်ဖြိုးဇော်က ပြောသည်။

အဆင့်မြင့် နောက်ဖေးလမ်းကြား စိမ်းလန်း စိုပြည်ဥယျာဉ်တွင်  နံရံပန်းချီများ၊  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကူညီထောက်ပံ့သော ကာယ/အားကစား လေ့ကျင့်ရေးပစ္စည်းများ၊  စာကြည့်တိုက်များ၊ ကလေး   ဖူဆယ်ဘောလုံးကွင်းများ၊   ကြက် တောင်၊ ဘက်စကတ်၊ ခြင်းလုံး၊ ဘောလုံးကွင်း နှင့် ထိုင်ခုံများ စသည်ဖြင့် အဆင်မြင့် စိမ်းလန်း စိုပြည်ဥယျာဉ်တစ်ခုတွင် ပါဝင်သင့်သည်များ ထည့်သွင်းပေးသွားမည်ဖြစ်ပြီး လာရောက် အနားယူသူများ၏  လုံခြုံရေးအတွက်  CCTV များလည်း တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီနောက်ဖေးလမ်းကြား စိမ်းလန်းစိုပြည် ဥယျာဉ်က ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး   ကော်မတီက   အဆင့်မြှင့်တင်ပေးခဲ့ပြီး ဒို့အိမ်ရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ အခုလို လုပ်ဆောင် ဖြစ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ နောက်ဖေး လမ်းကြားမှာ   ပြည်သူတွေ   အမှိုက်ပစ်တာ မရှိစေဖို့နဲ့  အနားယူနိုင်ဖို့၊   အပန်းဖြေနိုင်ဖို့  ဆောင်ရွက်ဖြစ်ခဲ့တာပါ။ ပြည်သူတွေကလည်း တစ်ခဲနက် အားပေးလိုက်တော့ အလုပ်က ပိုပြီး  အောင်မြင်ထိရောက်ခဲ့ပါတယ်"ဟု  စိမ်းလန်း စိုပြည်ဥယျာဉ် ပြုပြင်ထိန်းသိမ်းရေးကော်မတီမှ ဦးခင်မောင်လတ်က ပြောသည်။

ယခု အကောင်အထည်ဖော် ဆောင်ရွက် နေသော နောက်ဖေးလမ်းကြား စိမ်းလန်းစိုပြည် ဥယျာဉ်သည် အရှည် ပေ ၆၈၀ ရှိပြီး အနံမှာ ၁၄ ပေနှင့် အချို့နေရာများတွင် ၁၆ ပေအထိ ရှိကြောင်းနှင့် ဒို့အိမ်အဖွဲ့၏ စီစဉ်ပေးမှုဖြင့် သန့်ရှင်းအမှိုက်အိမ်များပါ ထည့်သွင်းထားကာ အနီးဝန်းကျင်မှ အိမ်များအနေဖြင့် ယင်းအမှိုက် အိမ်သို့လည်း အမှိုက်စိုနှင့် အမှိုက်ခြောက်ခွဲ၍ အမှိုက်ပစ်နိုင်ကြောင်း သိရသည်။

မောင်စိန်လွင်(မြန်မာ့အလင်း)

ဓာတ်ပုံ - မင်းထက်