အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင်

Listing Description

မော်လမြိုင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသည် မြန်မာနိုင်ငံရှိ အထက်တန်းကျောင်းများတွင် ပထမဦးဆုံးဖွင့်လှစ်သောကျောင်းဖြစ်သည်။ ၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်တို့သည် ရခိုင်နှင့်တနင်္သာရီကိုသိမ်းပိုက်ပြီးနောက် တနင်္သာရီဒေသ မော်လမြိုင်မြို့သို့ ခရစ်ယာန်သာသနာနှင့်အတူ ၁၈၂၇ ခုနှစ်တွင် ဂျပ်ဆင်သာသနာပြုကျောင်း စတင်ဖွင့်လှစ်ခဲ့သည်။ ခေတ်ကာလလိုအပ်ချက်အရလည်းကောင်း အစိုးရဌာနများအတွက် ခေတ်ပညာတတ် စာရေးစာချီများ မွေးထုတ်ပေးနိုင်ရန်အတွက်လည်းကောင်း ၁၈၃၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် မိန်ဂေးလမ်း (ယခုမြို့မတံတားလမ်း) တွင် အစိုးရအထက်တန်းကျောင်း Government High School ကို စတင်နိုင်တည်ထောင်ခဲ့သည်။ ကျောင်းစတင်ဖွင့်လှစ်စဉ်က သာသနာပြုကျောင်းမှ ပြောင်းရွှေ့လာသော ကျောင်းသားများအပါအဝင် ကျောင်းသားဦးရေ ၂၆ ယောက်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးမှာ ဂျပ်ဆင်သာသနာပြုကျောင်းမှ ဘုန်းတော်ကြီး စီဖာစ်ဘန်းနက် (Rev: CEPHAS BENNET) ဖြစ်သည်။ ၁၈၃၇ ခုနှစ်တွင် ဂျီအိတ်ခ်ျဟောက်(G.H Hough) က ကျောင်းအုပ်ရာထူးကိုဆက်ခံပြီး အတန်းကိုလည်း သတ္တမတန်းအထိ တိုးချဲ့လက်ခံခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် အစိုးရအထက်တန်းကျောင်းကို ယခု အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တည်ရှိရာ သိပ္ပံလမ်းထိပ်(ယခင် ဖရီးမေဆင်လမ်းထိပ်) သို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် ယိုယွင်းနေသောကျောင်းအဆောက်အအုံကို ဖြိုချကာ ယခုမြင်ရသော အုတ်ဖြင့်တည်ဆောက်ထားသော ကျောင်းဆောင်သစ်ကို ဆောက်လုပ်ခဲ့သည်။ ၁၉၂၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် ပညာရေးဝန်ကြီးချုပ် ဦးဘရင်သည် ကျောင်းဆောင်သစ်ကို ပန္နက်ရိုက်ကာ စတင်ဆောက်လုပ်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ကျောင်းဆောင်သစ်ကို စတင်အသုံးပြုခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဟု အမည်တွင်ခဲ့သည်။