အလောင်းမင်းတရားနှင့် မိဖုရားခေါင်ကြီးခေါင်းလောင်းများ

Listing Description

ရွှေဘိုမြို့ ရွှေချက်သိုစေတီတော်ဝန်းအတွင်းတွင် တည်ရှိသည့် ခေါင်းလောင်းနှစ်လုံးမှာ အလောင်းမင်းတရားနှင့် မိဖုရားခေါင်ကြီး မယ်ယွန်းစံ တို့လှူဒါန်းထားသော ခေါင်းလောင်းတော်များ ဖြစ်ကြပါသည်။ အလောင်းမင်းတရား လှူဒါန်းထားသော ခေါင်းလောင်းတွင် မြန်မာဘာသာဖြင့် ခေါင်းလောင်းစာများရေးထိုးထားပြီး ခြင်္သေ့၊ ကျား၊ ဆင်နှင့် နဂါးရုပ်များပါရှိသည်။ အမြင့် ၂၈ လက်မ၊ အချင်းဝက် ၂၅ လက်မ၊ အထူ သုံးလက်မရှိပြီး ခေါင်းလောင်းလုံးပတ်သည် အောက်ခြေတွင် ၇၇ လက်မ၊ ခါးပတ်နေရာတွင် ၆၇ လက်မနှင့် ထိပ်တွင် ၅၇ လက်မရှိသည်။ ခေါင်းလောင်းချိတ်၌ ရှစ်လက်မစီ အမြင့်ရှိသည့် ခြင်္သေ့ရုပ်နှစ်ရုပ် သွန်းလုပ်ထားသည်။ မိဖုရားခေါင်ကြီး မယ်ယွန်းစံ လှူဒါန်းသော ခေါင်းလောင်းသည် အလောင်းမင်းတရား၏ ခေါင်းလောင်းအောက် အနည်းငယ်သေးငယ်ကာ အမြင့် ၂၆ လက်မ၊ အချင်းဝက် ၂၃ လက်မ၊ အထူ ၂ လက်မရှိပြီး လုံးပတ် အဝန်းသည် အောက်ခြေတွင် ၇၅ လက်မ၊ ခါးပတ်နေရာတွင် လက်မ ၆၀ နှင့် ထိပ်တွင် ၅၁ လက်မရှိသည်။ ခေါင်းလောင်းချိတ် ၌ ၁၁ လက်မစီ အမြင့်ရှိသည့် နရားရုပ် နှစ်ရုပ်နှင့် ၁၂ လက်မစီ မြင့်သည့် မနုဿီဟရုပ် နှစ်ရုပ်ကို ပြုလုပ်ထားသည်။