ကြေးဝါစေတီတော်

Listing Description

ကြေးဝါစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မိတ္ထီလာမြို့မှ ပင်းတလဲမြို့၊ ရွေပေါ်ကျွန်းကားလမ်းယာဘက်ဘေး၊ ဉာဏ်ကန်-ရှောက်တောကျေးရွာအနီးတွင် တည်ရှိပါသည်။ ဝမ်းတွင်းမြို့နယ်ရှိ တန်ခိုးကြီးဘုရားစေတီများတွင် တစ်ဆူအပါဝင်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓပူဇနိယဘုရားပွဲတော် ကျင်းပလေ့ရှိပါသည်။ ဘိုးတော်ဘုရားခေါ်ဗဒုံမင်းလက်ထက် သာသနာပိုင်ဆရာတော် တစ်ကျိပ်နှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော မုံတောဆရာတော် ဝံသာလင်္ကာရ သဒ္ဓမ္မာ ဘိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု ဦးဆောင်၍ ဘိုးတော်ဗဒုံမင်း၏သားတော် အိမ်ရှေ့ဥပရာဇာ(စစ်ကိုင်းမင်း)မှ ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ်၊ နယုန်လပြည့်ကျော် (၁)ရက် ကြာသပတေးနေ့တွင် ရွှေငွေ၊ မိုးကြိုး၊ ကြေးဝါတို့ဖြင့် သွန်းလောင်းသော စေတီတော်ကိုဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သည်ဟု မှတ်သားရပါသည်။ ကောဇာသက္ကရာဇ် ၁၁၄၈ ခု၊ ဝါခေါင်လဆန်း (၃)ရက် သောကြာနေ့တွင် ဉာဏ်တော် ၉ တောင်ရှိသော ရွှေထီးတော်ကို တင်လှူပူဇော်ခဲ့ပါသည်။ ကြေးဝါစေတီတော်ကြီး၏ ဉာဏ်တော်အမြင့်မှာ ၁၀၈ တောင်ရှိပါသည်။