စကြာတောင်

Listing Description

နွားထိုးကြီးမြို့၏ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ ခံစပ်ကုန်းရွာအနီးတွင် တည်ရှိသည်။ စကြာတောင်နှင့် အနီးတစ်ဝိုက်တွင် သမိုင်းတန်ဖိုးမြင့်မားသည့် သာသနိက အဆောက်အဦများ၊ ပုဂံခေတ်လက်ရာ ကျောက်ထွင်းလှိုဏ်ဂူများနှင့် ဗုဒ္ဓဆင်းတုတော်များ၊ ကုန်းဘောင်ခေတ်လက်ရာ ကျောက်ထွင်းလှိုဏ်ဂူများနှင့် ဗုဒ္ဓရုပ်ပွားတော်များကို လေ့လာနိုင်သည်။ စကြာတောင်၏ မူလအမည်မှာ ကြက်ကျတောင်ဖြစ်ပြီး တောင်ပေါ်ရှိ မြစည်းခုံစေတီ၏ တတိယဘုရားဒကာဖြစ်သော အလောင်းစည်သူမင်းသည် ကြက်ကျတောင်ပေါ်သို့ လာရောက်ကာ အဓိဋ္ဌာန်ဝင် တရားအားထုတ်ကျင့်ကြံခဲ့သည်။ ထိုတောင်မှအပြန် ဖောင်စကြာရတနာ ရရှိသည်ကို အစွဲပြုကာ စကြာတောင်ဟု ခေါ်တွင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။ စကြာတောင်၏ တောင်မကြီးပေါ်တွင် ဒေသအခေါ်အားဖြင့် အောက်ထပ်ဘုံ၊ အလယ်ဘုံ၊ အထက်ဆုံးဘုံဟူ၍ ဘုံ ၃ ဆင့်ရှိသည်။ တောင်တက်လမ်းတွင် ခြင်္သေ့နှစ်ကောင်ရုပ်တုကို တွေ့မြင်နိုင်သည်။ အောက်ဆုံးဘုံမရောက်မီနေရာတွင် သီဟသူမင်းနှင့် ရဟန္တာထွေးတို့သမုတ်ခဲ့သော မဟာသိမ်တော်၊ ရှေးယခင်ကတည်းက ကျောက်သားများကို ထွင်းထုဖောက်ထားသော ကျောက်ထွင်းလမ်း (ခ) မောင်းမငိုလမ်းကို တွေ့မြင်နိုင်သည်။ မောင်းမငိုလမ်းဘေးတွင် ပုဂံခေတ်လက်ရာ ကျောက်ထွင်းလှိုဏ်ဂူများ၊ ကျောက်ထွင်း ဗုဒ္ဓရုပ်ပွားတော်များကို ဖူးတွေ့နိုင်သည်။ အထက်ဆုံးဘုံတွင် သီရိဓမ္မာသောမင်းတည်ထားကာ အနော်ရထာမင်း၊ အလောင်းစည်သူမင်း၊ တစ်စီးရှင် သီဟသူမင်းတို့ မင်းအဆက်ဆက် ပြုပြင်တည်ထားကိုးကွယ်ခဲ့သော မြစည်းခုံစေတီတော်မြတ်ကို ဖူးတွေ့နိုင်သည်။ တောင်တော်၏ မြောက်ဘက်တောင်စောင်းတွင် သူတော်စင်များ တရားအားထုတ်ရာ ကျောက်သားလှိုဏ်ဂူနှင့် မယ်ဘို့မယ်လှိုဏ်ဂူနှင့်အတူ ကျောက်ဆင်တော်နှင့် ဓာတ်ပေါင်းစုစေတီကို ဖူးတွေ့နိုင်သည်။ စကြာတောင်ဘုရားပွဲကို နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်မှ ဝါခေါင်လပြည့်ကျော် ၂ ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပပြီး ဝါခေါင်လပြည့်နေ့သည် အစည်ကားဆုံးနေ့ဖြစ်သည်။ လက်ရှိကာလတွင် စကြာတောင်သည် တောင်ခြေရှိ ဆံရစ်ဝိုင်း၊ ဆံထောက်များ ယနေ့တိုင်ထားရှိသည့် ဆံရစ်ဝိုင်းတို့ရွာ၊ ဆံထောက်နှမတို့ရွာနှင့် တွဲဖက်ကာ နာမည်ကျော်လျက်ရှိပြီး ဒေသအနှံ့မှ ဓာတ်ပုံပညာရှင်များ၊ ပန်းချီပညာရှင်များ၊ ရုပ်သံရိုက်ကူးသူများ၊ နာမည်ကျော် အနုပညာရှင်များ လာရောက်ရိုက်ကူးရာ နေရာအဖြစ် ထင်ရှားလျက်ရှိသည်။