ဦးကျောက်လုံး (၁၉၁၇ - ၁၉၈၂)

Listing Description

အမည်ရင်းမှာ ဦးအောင်ကြီး ဖြစ်ပြီး အဖဦးသေး နှင့် ဒေါ်တင်တို့မှ ၁၉၁၇ခုနှစ်တွင် မြင်းခြံခရိုင် နွားထိုးကြီးမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ခုနှစ်ဦး အနက် စတုတ္တမြောက် သားဖြစ်သည်။ ငယ်စဉ်က မြင်းခြံမြို့တွင် ပညာသင်ကြားခဲ့ပြီး ဆယ်တန်း အောင်မြင်ခဲ့သည်။ ဆယ်တန်း အောင်ပြီး မြင်းခြံမြို့ ခရိုင်ရုံးစာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။  ၁၉၄၁-ခုနှစ်တွင် မြင်းခြံနှင့် မိတ္ထီလာထောင်များတွင် ထောင်မှူးအလုပ်ကို လုပ်ကိုင်ခဲ့သည်။ 

၁၉၅၄ ခုနှစ်၌ မန္တလေးတွင် ထောင်ပိုင်ဘဝ ဖြင့်နေထိုင်စဉ် မန္တလေးရုပ်ရှင်မှ ပွဲဦးထွက် ဇာတ်ကားဖြစ်သော ဒါရိုက်တာ ဦးသုခ ရိုက်ကူးသည့် `ဘဝသံသရာ´ဇာတ်ကား၌ သရုပ်ဆောင်ပေးရန် အကူအညီ တောင်းသဖြင့် ဝင်ရောက် သရုပ်ဆောင် ပေးခဲ့သည်။ ဆရာဝန်အခန်း တစ်ခန်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင် ပညာရပ်အား လွယ်ကူစွာ နားလည် သဘောပေါက်ခြင်း၊ ဒိုင်ယာလောခ့် ပိုင်နိုင်ခြင်း စသည့် အနုပညာ ဓာတ်ခံများကြောင့် မကြာမီပင် ဇာတ်ကားများ ဆက်လက်ရိုက်ကူးရန် အခွင့်အလမ်းကောင်းများ ရလာခဲ့သည်။ ထိုဇာတ်ကားတွင် မန္တလေးဦးအောင်ကြီးဟု စာတန်းထိုးသည်။

မန္တလေး ဦးအောင်ကြီး အား ဦးကျောက်လုံး ဖြစ်လာစေသော ရုပ်ရှင်ဇာတ်ကားမှာ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ `ဤလူ့ဘောင်တွင်´ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားတွင် လူယုတ်မာတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ပြီးသရုပ်ဆောင် ပီပြင်သည့်အတွက် ဦးအောင်ကြီး မှ ဦးကျောက်လုံး အမည်တွင် သွားခဲ့သည်။

၁၉၆၂ခုနှစ်တွင် ရွှေမန်းရုပ်ရှင် ဒါရိုက်တာ ရွှေဒုံးဘီအောင် ၏ "အတွေ့" ဇာတ်ကားဖြင့် ပထမဆုံး အမျိုးသားဇာတ်ပို့ ဆုရရှိ ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် ရှုမဝဦးကျော်၏ "ရင်ဝယ်တသိမ့်သိမ့်" နှင့် ဒုတိယအကြိမ် အမျိုးသားဇာတ်ပို့ဆု ထပ်မံ ရရှိခဲ့သည်။ ထို့နောက် ၁၉၆၅ခုနှစ်တွင် "ချစ်သမီး" ဇာတ်ကားဖြင့် တတိယအကြိမ် ထူးချွန်ဆု ရရှိ ခဲ့ပြန်သည်။ ထို"ချစ်သမီး" ဇာတ်ကားတွင် ပရိသတ် တွေ့မြင်နေကြ လူကြမ်း ဇာတ်ကောင် အဖြစ်သရုပ်မဆောင်ပဲ မွေးစားသမီးဖြစ်သူအား လွန်စွာ ချစ်သော ဖခင်အဖြစ် သရုပ်ဆောင် ခဲ့ပြီး သမီးအဖြစ် သရုပ်ဆောင်ခဲ့သူ ဝါဝါဝင်းရွှေပါ အကယ်ဒမီဆု ရရှိခဲ့သည်။ 

အနုပညာလောက သို့ ရောက်စတွင် မန္တလေးမြို့အုတ်တန်းအရပ်၌ နေထိုင်သော်လည်း နောက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကာ နောက်ဆုံးအချိန် ထိနေထိုင်ခဲ့သည်။ ဇနီးမှာ ဒေါ်မြမြ ဖြစ်၍ သားသမီး ၇ယောက် ထွန်းကားခဲ့ပြီး မြေးဖြစ်သူ ဝါဝါအောင် တစ်ဦးသာ သရုပ်ဆောင်လောက သို့ဝင်ရောက်ခဲ့သည်။ ၁၉၈၂ခုနှစ် မေလ(၂၆)ရက်နေ့ ရန်ကုန်ရှိ တာမွေနေအိမ်၌ အသက်၆၅နှစ် အရွယ်တွင် ကွယ်လွန်သည်။