မြင်ကွန်းမြို့ဟောင်း

Listing Description

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် တည်ရှိသည့် ရှေးဟောင်းမြို့တစ်ခုဖြစ်ပြီး လက်ရှိတွင် ကျေးရွာ ၁၀ ရွာပါဝင်သော တိုက်နယ်အဆင့်ဖြစ်ကာ ကုန်းဘောင်ခေတ်က မြင်ကွန်းမင်းသား အပိုင်စားရသော မြို့ဖြစ်ခဲ့သည်။ မြင်ကွန်းမြို့သည် အနော်ရထာမင်းလက်ထက်တွင် တည်ထောင်ခဲ့သော ကင်းမြို့ ၄၃ မြို့တွင် ပါဝင်သည်ဟုဆိုသည်။ ပုဂံခေတ်လက်ရာ ဘုရားစေတီပုထိုး၊ ဂူကျောင်း ၆ဝ ဝန်းကျင်ခန့် သမိုင်းသက်သေများအဖြစ် ကျန်ရှိနေသေးသော မြို့တစ်မြို့ဖြစ်ပြီး ပုဂံခေတ်ကျောက်စာများကို ရှေးဟောင်းသုတသနဦးစီးဌာနမှ ကျောက်စာရုံငါးခုဖြင့် ထိန်းသိမ်းထားရှိသည်။ ထို့အပြင် လေးဆူစံဘုရား၊ လေးမျက်နှာဘုရား၊ ငါးမျက်နှာဘုရား၊ ရွှေနန်းပေါက်ဘုရား၊ ကွမ်းထမ်းညီနောင်ဘုရား၊ မုန့်ပေါင်းသည်ညီအမဘုရား၊ လေးထပ်ကျောင်း၊ ရဟန္တာသိမ်၊ ကုလားကျောင်းဂူပျက်၊ ရှင်အဇ္ဇဂေါဏဂူတို့မှာ မြင်ကွန်းဒေသအတွင်း ထင်ရှားပါသည်။ မြင်ကွန်းမြို့တွင် ပုဂံခေတ် စောလူးမင်း ယာယီမြို့နန်းတည်၍ ကျုံး၊ မြို့ရိုးများ တည်ဆောက်၍ နေခဲ့ဖူးကြောင်း သမိုင်းသုတေသီတို့၏ မှတ်တမ်းများအရ သိရပြီး အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး ၁၈၆၈ ခုနှစ်တွင် မြင်ကွန်းမြို့သည် ခြောက်မြို့ဝန် ဝန်စုပါမြို့နယ်ဖြစ်ပြီး မြင်ကွန်းမြို့ဝန်ကို မြင်ကွန်း၊ တောင်ခွင်၊ ပဌာနဂိုရ် သုံးမြို့ဝန်ဟုခေါ်ဆိုကြောင်း မှတ်သားရသည်။ ကိုလိုနီခေတ် ၁၉ဝ၈ ခုနှစ်တွင် မကွေးမြို့ဝန် မစ္စတာဝှီးလ်က မြင်ကွန်းကို စနစ်တကျ မြို့ကွက်ပြန်ချ၍ လမ်းများကို အရှေ့၊ အနောက်၊ တောင်၊ မြောက် ဖြောင့်တန်းစွာ ဖောက်လုပ်ခဲ့ပြီး ရပ်ကွက်ခြောက်ရပ်ကွက်ဖြင့် မြို့ကွက်ပြန်လည်ဖော်ထုတ်ခဲ့သည်။