တကောင်းရှေးဟောင်းယဉ်ကျေးမှုပြတိုက်

Listing Description

တကောင်းရှေးဟောင်းယဉ်ကျေးမှုပြတိုက်သည် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တည်ရှိပါသည်။ တကောင်းရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင် ပျူခေတ်မှ ရတနာပုံခေတ် ရှေးဟောင်းပစ္စည်းများကို ပြခန်းသုံးနေရာခွဲ၍ ကျောက်၊ ကြေး၊ သံ၊ သစ်သားနှင့် ပြုလုပ်ထားသည့် ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းပြသထားပါသည်။ များသောအားဖြင့် ပုဂံခေတ်နှင့် ခေတ်ပြိုင် ဘုရားဦးခေါင်းတော်များ၊ မတ်ရပ်ကိုယ်တော်များအပြင် ပျူယဉ်ကျေးမှုထွန်းကားခဲ့သော အထောက်အထားဆိုင်ရာ မြေအိုးများ၊ ပုတီးစေ့များ၊ လူ့အသုံးအဆောင်ပစ္စည်းများကို ပြသထားပါသည်။ ပြတိုက်ကို ၂၀၀၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်အဝင်စားဆုံး ပြကွက်မှာ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော်က သံခေတ်၏ ပြယုဂ်ဖြစ်သော သံချက်ဖိုဖြစ်သည်။ ရှေးခေတ်က တကောင်းယဉ်ကျေးမှုနယ်မြေဝန်းကျင်တွင် သံချက်ဖို ၁၀၀ ကျော်ရှိခဲ့ပြီး ယခုအခါ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သံချက်ဖို ၁၀ ဖိုကို ထိန်းသိမ်းထားကြောင်း သိရပါသည်။ ပြတိုက်ကို တနင်္လာနေ့နှင့် အစိုးရပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ : ၃၀ မှ ညနေ ၄ : ၃၀ အထိဖွင့်လှစ်ပြသထားပါသည်။