သာယာဝတီ ခရိုင် ဇီးကုန်း မြို့ ၌ အဖ ဦးမောင်ကြီး၊ အမိ ဒေါ်သဲညွန့် တို့က ၁၉၁၄ ခု နိုဝင်ဘာ ၅ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၃၆ တွင် ၁ဝ တန်း အောင်မြင် ခဲ့သည်။
ခရိုင် ကျောင်းသား ခေါင်းဆောင် (၁၉၃၆)၊ ရေနံမြေ အလုပ်သမား အစည်းအရုံး အတွင်းရေးမှူး (၁၉၃၇ - ၃၈)၊ ရေနံမြေ သပိတ် ရန်ကုန် ခြေကျင် ချီတက်ပွဲ တာဝန်ခံ တဦး (၁၉၃၈)၊ ၁၃ဝဝ ပြည့် အရေးတော်ပုံတွင် ရွှေတိဂုံ စခန်း အထွေထွေ အတွင်းရေးမှူး၊ ၁၉၄၁ တွင် ဗြိတိသျှ ဆန့်ကျင်ရေး မြန်မာပြည် အလယ်ပိုင်း မြေအောက် တော်လှန်ရေး အဖွဲ့ ဗဟို စည်းရုံးရေးမှူး၊ ဖက်ဆစ် တော်လှန်ရေးတွင် မကွေး - မင်းဘူး ခရိုင် နိုင်ငံရေး တာဝန်ခံ၊ ၁၉၄၅ - ၄၇ တွင် အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ် ထူထောင်ရာ၌ ပါဝင်ခဲ့ပြီး၊ အထွေထွေ အတွင်းရေးမှူး၊ ဒုတိယ ဥက္ကဋ္ဌ စသည် ဆောင်ရွက် ခဲ့သည်။ ၁၉၄၆ တွင် ပြည်သူ့ အရေးတော်ပုံ ပါတီ၏ ဗဟို အလုပ်အမှုဆောင်၊ ဖဆပလ အဖွဲ့ချုပ် တွင်လည်း အလုပ်သမား ဌာန အတွင်းရေးမှူး၊ ထို့နောက် တီယူစီဘီ ဥက္ကဋ္ဌ၊ ဖဆပလ အစိုးရ အလုပ်သမားနှင့် ပြည်သူ့လုပ်ငန်း ဌာန ဝန်ကြီး (၁၉၄၈ - ၄၉)၊ တီယူဘီ ဌာနချုပ် ဥက္ကဋ္ဌ (၁၉၄၈ - ၅ဝ)၊ ကမ္ဘာ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)၏ ဥက္ကဋ္ဌ (၁၉၄၉)၊ ဘီတီယူစီ ဌာနချုပ် ဥက္ကဋ္ဌ (၁၉၅ဝ - ၆၄)၊ ကမႝာ အလုပ်သမား အဖွဲ့ချုပ်ကြီး၏ အထွေထွေ ကောင်စီဝင် အဖြစ် ၁၉၅၁ - ၅၄၊ ၁၉၆၁ - ၆၄ တာဝန်များကို ထမ်းဆောင် ခဲ့သည်။
တရုတ် - မြန်မာ ချစ်ကြည်ရေး ရွှေတံဆိပ်၊ ဆိုဗီယက် - မြန်မာ ချစ်ကြည်ရေး တံဆိပ်၊ လီနင် ရာပြည့် ရွှေတံဆိပ် ဆုများ ချီးမြှင့် ခံခဲ့ရသည်။
၁၉၆၉ - ၇၁ ခုနှစ်များ အတွင်း 'ရှုထောင့်ဂျာနယ်' ကို တည်ထောင်ခဲ့သူနှင့် အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။ အလုပ်သမားလောကထူထောင်ကြ (၁၉၄၇)၊ သွေးမြေကျ တိုက်ပွဲ [မေဒေး သမိုင်း] (၁၉၄၉)၊ သခင် ကိုယ်တော်မှိုင်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေး (၁၉၅၆)၊ ဦးဥတ္တမ လက်ရွေးစင် (၁၉၆၇)၊ မြန်မာ နိုင်ငံ အလုပ်သမား လှုပ်ရှားမှု သမိုင်း (၁၉၆၈)၊ ဂျပန်ခေတ် မြန်မာပြည် (၁၉၆၉)၊ အာဇာနည် အရှင် ဦးဝိစာရ (၁၉၇၁)၊ သေဖော်ရှင်ဖက် [ဘာသာပြန်] (၁၉၇၂) တို့မှာ ထင်ရှားသည်။ 'မြန်မာ နိုင်ငံ အလုပ်သမားများ လှုပ်ရှားမှု သမိုင်း' ဖြင့် ၁၉၆၈ ခုနှစ် အမျိုးသား စာပေဆု နိုင်ငံရေး ဆိုင်ရာ စာပေ ဒုတိယဆု ရရှိ ခဲ့သည်။ နိုင်ငံတော်က လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)နှင့် နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) များ ချီးမြှင့် ခဲ့သည်။
၁၉၉၆ ခု ဒီဇင်ဘာ ၂ဝ ရက်နေ့တွင် ကွယ်လွန် ခဲ့သည်။