နော်မံကျောင်းကြီးတိုက်

Listing Description

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ စက်ရုံလမ်းတွင် တည်ရှိသည်။ ခရစ်နှစ် ၁၈၅၃ ခုနှစ်တွင် ရန်ကုန်မြို့အပါအဝင် အောက်မြန်မာနိုင်ငံတစ်ခုလုံး အင်္ဂလိပ်လက်အောက်သို့ကျရောက်ချိန် အင်္ဂလိပ်အစိုးရက ခရစ်ယာန် သာသနာပြု ဆရာအတတ်သင်ကျောင်းအဖြစ် စတင်တည်ဆောက်ခဲ့သည်။ နော်မံ ဗိသုကာလက်ရာပုံသဏ္ဌာန်ဖြင့် တည်ဆောက်ခဲ့သောကြောင့် “နော်မံကျောင်း” ဟူ၍ ခေါ်တွင်ခဲ့သည်။ ထို့နောက် အခြားနေရာသို့ ဆရာအတတ်သင်ကျောင်းကို ပြောင်းရွှေ့ဖွင့်လှစ်ချိန်မှစပြီး နော်မံကျောင်းဆောင်ကို ပိတ်သိမ်းထားခဲ့သည်။ ၁၈၈၈ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် သူဌေးကြီး ဆာဘိုးသာက အင်္ဂလိပ်အစိုးရထံ ငွေကျပ် နှစ်သောင်းကျော် ပေးဝယ်ပြီး စာချဆရာတော် ဦးပညာမထေရ်မြတ်ကို ရေစက်ချလှူဒါန်းခဲ့သည်။ ထိုအချိန်မှစ၍ နော်မံကျောင်းဆောင်သည် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း (စာသင်တိုက်) ဖြစ်လာခဲ့သည်။ ကျောင်းဖွဲ့စည်ပုံအားဖြင့် အနံလေးပင်သုံးခန်းနှင့် အလျား ဆယ်ပင်ကိုးခန်းရှိပြီး အကျယ်ဝန်းအားဖြင့် အနံ ၂၅ ပေ နှင့် အလျား ပေ ၁၀၀ ရှိသည်ဟုသိရသည်။ တိုင်လုံးပေါင်း ၂၁၄ လုံးရှိပြီး ဆင်ဝင် ၄ ဆောင် ၊ လှေကား ၆ စင်းတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ဒဏ်ဗုံးဒဏ်များကြောင့် အနည်းငယ် ထိခိုက်မှုများရှိခဲ့သော်လည်း ကျောင်းတိုက်ကြီး၏ ထူးခြားသည့် ဗိသုကာလက်ရာပုံစံများမှာ ရှေးမူမပျက်ရှိနေပါသေးသည်။