သင်းရီ (၁၉၄၉ - ၂၀၁၅)

Listing Description

စာရေးဆရာသင်းရီကို ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် အဖ ဦးတု၊ အမိ ဒေါ်စိန်မြတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးသိန်းထွန်းဖြစ်သည်။

၁၉၆၉-ခုနှစ်၊ စက်တင်ဘာလထုတ် သွေးသောက်မဂ္ဂဇင်းတွင် ဖော်ပြသည့် ပါအင်ဒယားမှာ လုပ်သည်ဝတ္ထုတိုကို သကာထွဏ်း(သဲကုန်း) ကလောင်အမည်ဖြင့် ရေးသားပြီး စာပေလောကသို့ စတင်ဝင်ရောက်သည်။ ၁၉၇၄-ခုနှစ်၊ ဦးသန့်အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့၍ ခေတ္တဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ၁၉၈၃-ခုနှစ်တွင် ထွဏ်းလူအောင်(သဲကုန်း) ကလောင်အမည်သို့ ပြောင်းလဲခဲ့ပြီး စာပေများရေးသားခဲ့ရာ ၁၉၈၅-ခုနှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် စာပေလောကနှင့် ခေတ္တ ဝေးကွာခဲ့သည်။ ၁၉၈၈-ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် သဲကုန်းမြို့နယ် အထွေထွေသပိတ် ကော်မတီ၌ ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး သဲကုန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၀-ပြည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွေးကောက်ခံခဲ့ရသည်။

စာရေးဆရာသင်းရီသည် ၂၀၁၅ ခုနှစ်တွင် ကွယ်လွန်သည်။