ဦးသာမြတ်(၁၂၆ဝ - ၁၃၃၉) သည် ပုတီးကုန်းမြို့ ဇာတိဖြစ်၍ ၁၂၆ဝ ပြည့် ကဆုန်လဆန်း ၁ဝ ရက် (၁၈၉၉ ခု၊ ဧပြီလ ၂၉ ရက်) သောကြာနေ့တွင် အဖ ပွဲစားကြီး ဦးဘိုးမြ၊ အမိ ဒေါ်ငွေသင်တို့မှ ဖွားမြင်သော တတိယမြောက် သားဖြစ်သည်။
အသက် ၆ နှစ် အရွယ်တွင် ကြို့ပင်ကောက်မြို့ ရွှေကျောင်းကြီး ဆရာတော်နှင့် ပုတီးကုန်းမြို့ ဓမ္မာရုံ ကျောင်းတိုက် ဂိုဏ်းအုပ် ဆရာတော်ထံတွင် စတင် ပညာဆည်းပူးရာ အခြေခံ လောကုတ္တရာ စာပေများကို တတ်မြောက်ခဲ့သည်။ အသက် ၁၁ နှစ်တွင် ပုတီးကုန်းမြို့ ဆရာ ဦးဘချိုထံတွင် အင်္ဂလိပ်စာ၊ သင်္ချာနှင့် ပထဝီဝင် ဘာသာများ သင်ကြားပြီးနောက်၊ အသက် ၁၂ နှစ်တွင် ကြို့ပင်ကောက်မြို့ အာရ်စီအမ် စိန်မိုက်ကယ် ကျောင်း၌ စတုတ္ထတန်းမှ စ၍ သင်ကြားခဲ့ရာ၊ အတန်းတိုင်းတွင် ပထမစွဲ၍ အသက် ဆယ့်ခြောက်နှစ်တွင် သတ္တမတန်း အောင်မြင်သည်။
ထို့နောက် ပြည်မြို့ အစိုးရ အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားရာ အတန်းတိုင်းတွင် ပထမစွဲပြီး ဆယ်တန်း စာမေးပွဲကို အင်္ဂလိပ်စာ၊ မြန်မာစာ၊ ပါဠိ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။
ထို့နောက် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူးရာ ဥပစာတန်းကို ပထမအဆင့်မှ အောင်မြင်၍ စကောလားရှစ် (ပညာသင်ဆု) ရရှိသည်။ တက္ကသိုလ် ပထမ သပိတ်ကာလတွင် ပညာသင်ကြားမှု နားနေရစဉ် ဒေါ်ရီနှင့် လက်ထပ်သည်။ အသက် ၂၂ နှစ်တွင် အိန္ဒိယနိုင်ငံ ပူနားမြို့ရှိ စိုက်ပျိုးရေး ကောလိပ်၌ စိုက်ပျိုးရေး ဘောဂဗေဒ ပညာကို ဆက်လက် သင်ကြားသည်။ ၁၉၂၄ ခုတွင် အိန္ဒိယနိုင်ငံ ဘုံဘေ ယူနီဗာစီတီ ကောလိပ်က အပ်နှင်းသော စိုက်ပျိုးရေး သိပ္ပံဘွဲ့ (B.Ag) ကို ရရှိသည်။ ဒုတိယ အဆင့်မှ အောင်မြင်သည်။
အသက် ၂ဝ အတွင်း၌ ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီ၊ နာဂရီ၊ ဂူဂျရတီ၊ မရာဌီ၊ သင်္သကရိုက်၊ တမယ်လ်ဘာသာ စာပေနှင့် စကားတို့ကိုလည်း လေ့လာ တတ်မြောက်ခဲ့သည်။ အသက် ၂ဝ မှ ၄ဝ အကြားတွင် အရှေ့တောင် အာရှနှင့် အိန္ဒိယနိုင်ငံရှိ ရှေးဟောင်း ကျောက်စာများကို ကောင်းစွာ လေ့လာ ဆည်းပူးခဲ့သည်။
စိုက်ပျိုးရေး ဝန်ထောက်၊ ရောင်းဝယ်ရေး ဝန်ထောက်၊ စိုက်ပျိုးရေး ဝန်ကလေး၊ ဒက္ခိဏတိုင်း စိုက်ပျိုးရေးဝန် ဟူသော တာဝန်များကို အဆင့်ဆင့် ထမ်းရွက်ရသည်။ ဒက္ခိဏတိုင်း စိုက်ပျိုးရေးဝန် အဖြစ် ဆောင်ရွက်စဉ် ၁၉၅၁ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ လာဟိုမြို့၌ ကျင်းပသော ကုလသမဂ္ဂ စီးပွားရေး ကော်မရှင်သို့ တက်ရောက်ရသည်။ ၁၉၅၂ ခုနှစ်တွင် ကရာချိုမြို့သို့ နို့ညှစ်နွားမ အဝယ်တော် အဖွဲ့ဖြင့် သွားရောက် လေ့လာရသည်။ ၁၉၅၃ ခုနှစ်တွင် ကရာချိုမြို့သို့ သွားရောက်၍ သိန္ဓောမျိုး နို့ညှစ်နွားမများ ဝယ်ယူရသည်။ ၁၉၅၄ ခုတွင် ဒက္ခိဏတိုင်း စိုက်ပျိုးရေးဝန် အဖြစ်မှ အငြိမ်းစား ယူသည်။
အငြိမ်းစား ယူရန် ပြင်ဆင်ခွင့် ၄ လ မစေ့မီမှာပင် နိုင်ငံတော် အစိုးရက ယဉ်ကျေးမှုဗိမာန် ညွှန်ကြားရေးဝန် အဖြစ် တာဝန် ပေးအပ်သည့် အတွက် ဆက်လက် အမှုထမ်းရသည်။
ဦးသာမြတ်သည် ၁၉၂၄ ခုနှစ်မှ စ၍ စိုက်ပျိုးရေး ပြက္ခဒိန်တွင် စာတမ်းရေးခြင်း၊ ဘာသာပြန်ခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဆန်စပါး စိုက်ပျိုးခြင်းနှင့် ဝါဂွမ်း စည်းကမ်း သတ်ဈေးများကို အစိုးရ လယ်ယာဌာန အတွက် မြန်မာဘာသာ ပြန်၍ အစိုးရက ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဘာသာပြန် စာပေအသင်း (စာပေဗိမာန်) စတင် တည်ထောင်စဉ်ကပင် စိုက်ပျိုးရေး စာအုပ်များ တည်းဖြတ် ပေးခဲ့သည်။ လယ်ယာ စိုက်ပျိုးရေး ကော်ပိုရေးရှင်း ဆေးဝါးပင်များ ပြုစုရေး အဘိဓာန် အဖွဲ့ကို ခေါင်းဆောင်ခဲ့သည်။
ဦးသာမြတ်သည် ရှုမဝ၊ မြဝတီ မဂ္ဂဇင်းများနှင့် ပြည်ထောင်စု ယဉ်ကျေးမှု စာစောင် စသည်တို့တွင် 'သဇင်လှ' ဟူသော ကလောင် အမည်ဖြင့် လည်းကောင်း၊ အမည်ရင်းဖြင့် လည်းကောင်း ဘာသာ စာပေ ယဉ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည်။ နေးရှင်း၊ ဂါးဒီးယန်း စသော အင်္ဂလိပ် သတင်းစာများ၌ ဆေးပင်များ အကြောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။
မြန်မာစာ ရေးထုံးကျမ်း၊ မြန်မာ အက္ခရာနှင့် ဂဏန်းသင်္ချာ ထုပ္ပတ်၊ မွန် - မြန်မာ အက္ခရာ သမိုင်း၊ နီတိကျမ်းကျော် ဒွေးနှစ်ဖော် စသည့် စာအုပ်များ ပြုစုခဲ့သည်။ မြစေတီ ပါဠိ ကျောက်စာနှင့် မြစေတီ ပျူကျောက်စာတို့ကို ဖွင့်ဆိုခဲ့သည်။ ပျူဖတ်စာကိုလည်း ပြုစုခဲ့သည်။
ဦးသာမြတ်သည် စာပေဗိမာန် အဖွဲ့ သုခမိန် အဖွဲ့ဝင်၊ မြန်မာနိုင်ငံ သုတေသန အသင်း ဥက္ကဋ္ဌ၊ ပိဋကတ် မြန်မာပြန် အဖွဲ့ သုခမိန် အဖွဲ့ဝင်၊ ယဉ်ကျေးမှု ကောင်စီဝင်၊ လူထု ပညာရေး ကောင်စီဝင်၊ မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း နာယက စသည့် တာဝန်များကို ဆောင်ရွက်ခဲ့သည်။
၁၉၅၄ ခုနှစ်တွင် နိုင်ငံတော်က ချီးမြှင့်သော သီရိပျံချီဘွဲ့ကို ရခဲ့သည်။
ရန်ကုန် တက္ကသိုလ်က ချီးမြှင့်သော ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့နှင့် လန်ဒန် တက္ကသိုလ်က ချီးမြှင့်သော F.R.H.S ဘွဲ့များ ရရှိခဲ့သည်။
ဦးသာမြတ်သည် ၁၃၃၉ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၁၄ ရက် (၁၉၇၇ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်) တွင် ကွယ်လွန် အနိစ္စရောက်သည်။