ချင်းရွှေဟော်မြို့၌ အများပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒမဲပေး

Listing Description

ချင်းရွှေဟော် နိုဝင်ဘာ ၉

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့ ၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ယမန်နေ့ နံနက် ၆ နာရီမှစတင်၍ မဲရုံများဖွင့်လှစ်ပြီး အများပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒမဲများ ပေးခဲ့ကြသည်။

ဆန္ဒမဲပေးရာတွင် မဲရုံအသီးသီး၏ မဲရုံတာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မဲဆန္ဒရှင် ပြည်သူများအား ကိုယ်ပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်သန့် စင်စေခြင်း၊ နှာခေါင်းစည်းများဖြန့်ဝေ ပေးခြင်းနှင့် မဲဆန္ဒရှင်ပြည်သူများ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ ဖြင့် ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

ချင်းရွှေဟော်မြို့၌ မဲရုံသုံးရုံရှိပြီး မဲဆန္ဒရှင်စာရင်းများအရ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အမှတ်-၁ ရပ်ကွက် တွင် ၄၆၃ ဦး၊ အမှတ် -၂ ရပ်ကွက်တွင် ၉၂၁ ဦး၊ အမှတ်-၃ ရပ်ကွက်တွင် ၆၇၈ ဦးရှိပြီး စုစုပေါင်း ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၂၀၆၂ ဦးရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)