ရဝေနွယ်(အင်းမ)

Listing Description

ရဝေနွယ် (အင်းမ) သည် ဘာသာရေးနှင့်နွယ်သောစာပေများကို ရေးသားသည့် ရဟန်းကလောင်ရှင်၊ စာရေးဆရာ တစ်ဦးဖြစ်ပြီး ဓမ္မရဝေစာစဉ်မှာ လူသိများသည်။

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်းမမြို့နေ ဦးသိန်းနီစိန်၊ ဒေါ်ကျင်နုတို့က ၁၉၆၉ ခုနှစ်၊ ဇွန်လ (၁၈) ရက်တွင် ဖွားမြင်သည်။

၁၉၇၉ ခုနှစ်တွင် ပထမအကြိမ် သာမဏေပြုသည်။ ၁၉၈၀ ခုနှစ်တွင် သာမဏေပြုပြန်ရာ ရာဇိန္ဒဟူသောဘွဲ့ကို ရသည်။ ၁၉၈၉ ခုနှစ်တွင် ရဟန်းအဖြစ်သို့ ရောက်သည်။ ရန်ကုန်မြို့၊ မဟာဝိသုဒ္ဓါရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ပညာသင်ကြားရာ ၁၉၉၀ ခုနှစ်တွင် ပထမကြီးတန်းအောင်ပြီး ၂၀၀၀ ပြည့်နှစ်တွင် သာသနဓဇ ဓမ္မာစရိယဘွဲ့ ရသည်။

၁၉၈၅ ခုနှစ်တွင် ပန်မဂ္ဂဇင်းသို့ ဝတ္ထုတိုပို့ရာ စာမူအားလုံး အပယ်ခံရသည်။ ၁၉၉၀ ပြည့်နှစ် ဧပြီလထုတ် မြတ်မင်္ဂလာစာစောင်တွင် ဆောင်းပါးတစ်ပုဒ် ပထမဆုံး ဖော်ပြခံရသည်။

မြတ်မင်္ဂလာ၊ သီလဝ၊ အပ္ပမာဒ၊ သစ္စာ၊ ဓမ္မဗျူဟာ၊ မြတ်သတိဝါဒီ၊ သူရဇ္ဇ၊ ရုပ်ရှင်တေးကဗျာ၊ ဖက်ရှင်အင်းမေ့ (Fashion Image)၊ မုခ (Faces)၊ ဖျူးချားလိုက် (Future Light)၊ ပေါ်ပြူလာ၊ သဗွိုက် (The Voice)၊ အလင်းတန်း၊ အင်တာဗျူး၊ ရွှေပြည်တန် စသည်တို့၌ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးများ ရေးခဲ့သည်။

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလတွင် “ဘဝတိုင်း ဆုံတွေ့ချင်ပါသလား” စာအုပ်ကို ပညာရွှေတောင်စာအုပ်တိုက်မှ ထုတ်ဝေရာ ဘာသာရေးသဘောတရားအား နားလည်လွယ်သောစကားလုံးများဖြင့် ဖော်ပြထားခြင်းကြောင့် လူကြိုက်များခဲ့သည်။

၂၀၀၂ ခုနှစ်မှစ၍ ဓမ္မရဝေ စာစဉ်အဖြစ် “ရွှေစကားတို့ရဲ့ မြစ်ဖျား”၊ “သံသရာခရီးဖော်” စသည့် ဘာသာရေးစာအုပ်များ ထုတ်ဝေခဲ့သည်။

၂၀၀၄ ခုနှစ်တွင် “မင်္ဂလာအတွေးများ” စာအုပ်ဖြင့် ဓမ္မဗိမာန်စာပေပထမဆုနှင့် ဆန်းလွင်စာပေပထမဆုကို ရသည်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဓမ္မရဝေတောရ၌ ပဓာနနာယကအဖြစ် သီတင်းသုံးလျက် ရှိသည်။

ရေးသားပြီးသော စာအုပ်မျာ:

ရွှေစကားတို့ရဲ့ မြစ်ဖျား         ၂၀၀၁           

သံသရာခရီးဖော်        ၂၀၀၂           

ကုသိုလ်ဖြစ်အောင် တွေးမယ် ၂၀၀၃           

မင်္ဂလာအတွေးများ    ၂၀၀၄            (ဓမ္မဗိမာန်စာပေ ပထမဆု၊ ဆန်းလွင်စာပေ ပထမဆု)

အမြဲစီးဆင်းနေသော မြစ်တစ်စင်းအကြောင်း          ၂၀၀၅           

အတွေးများနှင့် မိတ်ဖွဲ့ခြင်း    ၂၀၀၆           

အချစ်နှင့် ဝိပဿနာ   ၂၀၀၆           

ဖြစ်ပြီးတဲ့အကုသိုလ်ကို ဘယ်လိုပယ်မလဲ     ၂၀၀၈           

မြင့်မြတ်သူတို့ရဲ့ အလုပ်        ၂၀၀၈ 

ဘဝတိုင်း ဆုံတွေ့ချင်ပါသလား        ၂၀၁၁  (ပညာရွှေတောင် စာအုပ်တိုက်)       

ရဝေနွယ် အသစ်       ၂၀၁၂  (အလင်းသစ် စာပေ)