စိုးမင်းကြီးအုတ်ကျောင်း

Listing Description

စိုးမင်းကြီးအုတ်ကျောင်းသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းကပါရွာမှ သီရိပစ္စယာရွာသို့သွားရာလမ်း နဂါးရုံဘုရားအနီး၌ တည်ရှိပါသည်။ ပုဂံခေတ်နှောင်းတွင် တည်ဆောက်ခဲ့သော ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဖြစ်ဟန်ရှိပါသည်။ သီရိအသင်္ခယာ၏သမီးတော် စိုးမင်း တည်ဆောက်လှူဒါန်းခဲ့သည်ဟုဆိုသော်လည်း ပုဂံခေတ်နှောင်းကာလတွင် အခြားစိုးမင်းကြီးတစ်ပါးလည်း ရှိသေးရာ မည်သည့် စိုးမင်းကြီးအား ဆိုလိုရင်းဖြစ်ကြောင်း မသိရပေ။ အုတ်ကျောင်းကို အဝင်ခန်းမ၊ ဘုရားကျောင်းဆောင်နှစ်ထပ်အဆောက်အအုံ၊ စာသင်ရဟန်းများ သီတင်သုံးနိုင်ရန် အခန်းငယ်များနှင့်တကွ တည်ဆောက်ဆောက်ထားပါသည်။ အပေါ်ထပ်သို့တက်ရောက်ရန် လှေကားနေရာလည်း တွေ့ရှိရပြီး စင်္ကြံသွားလမ်း၌ ကျောက်ပြားများခင်းထားသည်ကို တွေ့ရပါသည်။ ဘုရားဆောင်အောက်ထပ်တွင် ဗုဒ္ဓဆင်းတုတော်တစ်ဆူရှိပြီး အုတ်ကျောင်း၏အပေါ်ထပ်နှင့် ပတ်သက်၍ မူလပုံသဏ္ဌာန်ကို မသိရပါ။ စိုးမင်းကြီးအုတ်ကျောင်းအနီးတွင် စိုးမင်းကြီးစေတီ (စေတီပုထိုးအမှတ် ၁၁၄၅/၄၉၁)ကိုလည်း ဖူးမြော်မြင်တွေ့နိုင်ပါသည်။