ပလင်းကမ်းသာယာဆင်စခန်းအား ခရီးစဉ်ဒေသအဖြစ် ဖော်ဆောင်နိုင်ရေး စစ်ဆေး

Listing Description

ညောင်ဦး ဒီဇင်ဘာ ၁၄

ပုဂံ-ညောင်ဦးခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ (DMO)အဖွဲ့အနေဖြင့် ခရီးစဉ်ဒေသသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး နယ်မြေကွင်းဆင်းမှုများ ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက်က ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်စခန်းသို့ DMO အဖွဲ့ဝင်များ မြေပြင်ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

အဆိုပါ ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦး-မြင်းခြံ-ပခုက္ကူလမ်းမကြီးမြောက်ဘက်၊ ညောင်ဦးမြို့မှ ၅ မိုင် ၅ ဖာလုံ၊ လမ်းမကြီးမှ နှစ်ဖာလုံ ခန့်အကွာ ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိပြီး ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အပန်းဖြေ သွားရောက်လည်ပတ်သင့်သည့် ဆင်စခန်းတစ်ခုဖြစ် သည်။

DMO ကော်မတီဝင်များသည် ပလင်းကမ်းသာယာ ဆင်စခန်း၏ သဘာဝအလှအပများ၊ ဆင်စခန်းအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များသိရှိနိုင် ရန်နှင့် ဆင်စခန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးခရီးစဉ် ဒေသ ဖော်ဆောင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများ သိရှိနိုင်ရန်ရည်ရွယ်ကာ ဆင်စခန်း ဆောင်ရွက်လည်ပတ်နေမှုများ၊ ဆင်စခန်းအတွင်း ဝန်ဆောင်မှုများ၊ ဆင်စခန်းဝင်ကြေး/ဆင်စီးခနှုန်းထား များ၊ လေညင်းခံရှုခင်းကြည့်တံတား၊ ဆင်စီးလမ်း ကြောင်း၊ မော်တော်စီးလမ်းကြောင်း၊ နားနေအပန်းဖြေ နေရာများ၊ ဆင်ပြတိုက်၊ ဥတေနနတ်နန်း၊ မြက်ခင်းပြင် ပန်းဥယျာဉ်၊ ကလေးကစားကွင်းနေရာများအား ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပလင်းကမ်းသာယာဆင်စခန်း၌ ဆင်နှင့်ပတ်သက် သည့်ဗဟုသုတများတစ်နေရာတည်းတွင် စုံစုံလင်လင် လေ့လာနိုင်သည့် ဆင်ပြတိုက်၊ သဘာဝတောလမ်း အတိုင်းဆင်စီးခြင်း၊ မြစ်ကမ်းဘေးရှိထန်းရွက်တဲများတွင် အပန်းဖြေရင်း ဧရာဝတီမြစ်နှင့် သဘာဝအလှ တရားများခံစားနိုင်ခြင်းတို့ကြောင့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များအကြား အချိန်တိုအတွင်း စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပြီး ကိုဗစ်-၁၉ ကာလ အလွန် လာရောက်လည်ပတ်ကြမည့် ခရီးသွား ဧည့်သည်များ အပန်းဖြေအနားယူနိုင်မည့်နေရာများထပ်မံဖန်တီးဆောင်ရွက်ထားကြောင်း၊ ဆင်စာဘူဖေး များကို ကျပ် ၃၀၀၀၀၊ ကျပ် ၅၀၀၀၀ နှင့် ကျပ် ၁၀၀၀၀၀ ဖြင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ အဝေးမှငွေလွှဲ၍ သော်လည်းကောင်း ဆင်စာအာဟာရ ဒါနပြုနိုင်ကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာ ဦးမျိုးမင်းကိုထံမှ သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံဌာန(ခွဲ)တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်တို့ဦးဆောင်သည့် တာဝန်ရှိသူများ၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)၊ Bagan Plastic Campaign အဖွဲ့မှ တာဝန်ရှိ သူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)