ဒလမြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်

Listing Description

ရန်ကုန် နိုဝင်ဘာ ၅

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတို့သို့ ဆက်သွယ် တည်ဆောက်လျက်ရှိသော မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလမြစ်ကူးတံတားတည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေသော ကာလ အတွင်း တစ်လနီးပါးခန့် ယာယီရပ်နားထားခဲ့ရပြီး ယခုအခါ ချဉ်းကပ်တံတားများ ဘိုးပိုင် တူးဖော်ခြင်း လုပ်ငန်းများနှင့် ပင်မတံတားရေလယ်တိုင် ဘိုးပိုင် တူးဖော်ခြင်းလုပ်ငန်းများကို ယနေ့တွင် ပြန်လည်စတင် ဆောင်ရွက်လျက်ရှိသည်။

တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ လုပ်ငန်းညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်ရာတွင် ရန်ကုန်မြစ် အတွင်း ပင်မတံတားရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်း အနေဖြင့် PY1, PY2 တို့၏ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒလဘက်ခြမ်းရှိ PY1 အတွက် ဘိုးပိုင် ၂၃ လုံးအနက် ဘိုးပိုင် ၁၃ လုံး၊ ရန်ကုန်ဘက်ခြမ်းရှိ PY2 အတွက် ဘိုးပိုင် ၂၃ လုံးအနက် ဘိုးပိုင် ၁၃ လုံး စုစုပေါင်းဘိုးပိုင် ၂၆ လုံးမှာ ဆောင်ရွက်ပြီးစီးလျက်ရှိသည်။

ထို့အတူ ဒလဘက်ခြမ်းချဉ်းကပ်တံတားအတွက် ဘိုးပိုင်ပေါင်း ၁၄၁ လုံးအနက် ဘိုးပိုင် ၁၂၅ လုံး ဆောင်ရွက်ပြီးစီးခြင်း၊ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအတွက် ဘိုးပိုင်ပေါင်း ၈၂ လုံးအနက် ဘိုးပိုင်အလုံး၅၀ဆောင်ရွက်ပြီးစီးခြင်း၊ ရန်ကုန်ဘက်ခြမ်းဆင်ခြေလျှော တံတား Ram A ဘိုးပိုင် ၄၈ လုံးအနက် လေးလုံးနှင့် Ram B ဘိုးပိုင် ၅၂ လုံးအနက် လေးလုံးဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း သိရ သည်။

လက်ရှိအချိန်တွင် ချဉ်းကပ်တံတားအတွက်ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေသော ရန်ကုန်ဘက်ခြမ်း၌ Pile Cap ပိုင်ထိပ် အုပ်ခြင်း ရှစ်တိုင်နှင့် ဒလဘက်ခြမ်း၌ Pile Cap ပိုင်ထိပ်အုပ်ခြင်း ရှစ်တိုင် ပြီးစီးကြောင်း သိရသည်။

ဒလမြစ်ကူးတံတားမှာ စုစုပေါင်းအရှည် ၆၁၂၈ ပေ၊ ပင်မတံတား အရှည် ၂၂၆၄ ပေ၊ ချဉ်းကပ်တံတား အရှည်(ရန်ကုန်) ၁၈၉၁ ပေ။ ချဉ်းကပ်တံတားအရှည်(ဒလ) ၁၉၇၂ ပေ၊ ချဉ်းကပ်တံတားအကျယ် (ရန်ကုန်)(နှစ်လမ်းသွား) ၄၇ ပေ၊ ချဉ်းကပ်တံတားအကျယ်(ဒလ) (လေးလမ်းသွား) ၆၈ ပေ၊ ပင်မတံတားအကျယ်(လေးလမ်းသွား) ( ၈၇ ပေ၊ ဆင်ခြေလျှောတံတားများအကျယ်(တစ်လမ်းသွား) ၂၃ ပေ၊ ရေလမ်းကင်းလွတ်အမြင့်ပေ၁၆၀၊ ရေလမ်းကင်းလွတ်အကျယ် ၉၈၈ ပေ၊ တံတားခံနိုင်ဝန် ယာဉ်တစ်စီးချင်း ၇၅ တန်၊ ဘိုးပိုင် အုတ်မြစ်၊ သံကူကွန်ကရစ်ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်း တံတားအမျိုးအစားဖြစ်ကြောင်း သိရသည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလမြစ်ကူးတံတားကြီး တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ် များရှိ ဒေသခံပြည်သူများအပြင် နယ်မြေတစ်ဆက်တည်းဖြစ်သော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ ပြည်သူများပါ ကားလမ်း ခရီးဖြင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ အချိန်တိုအတွင်း ဆက်သွယ် သွားလာနိုင်မည်ဖြစ်၍ လမ်းပန်းဆက်သွယ်ရေး လွယ်ကူ ချောမွေ့ကာ ကုန်စည်စီးဆင်းမှုများ မြန်ဆန်လာပြီး ပြည်သူများစွာ တို့၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

နိုင်လင်းကျော်(ဒလ)