ဆပဒစေတီ

Listing Description

ဆပဒသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းနှင့် အနော်ရထာလမ်းဆုံ သုံးမြှောင့်မြေကွက်လပ်တွင် တည်ရှိပြီး ဘုရားဖူးမော်တော်ယာဉ် အချို့သာ ရပ်နားကြသဖြင့် ဝင်ရောက်ဖူးမြော်သူ နည်းပါးသည့် ပုဂံရှေးဟောင်းစေတီ တစ်ဆူဖြစ်သည်။ ဆပဒစေတီကို အေဒီ ၁၂ ရာစုခေတ် သီဟိုဠ် (သီရိလင်္ကာ) လက်ရာစေတီတစ်ဆူဟု ပညာရှင်များက သတ်မှတ်ထားကြသည်။ စေတီသည် ငှက်ပစ်တောင်အနီး ညောင်ဦးမြို့အဝင် သုံးမြှောင့်ကွက်လပ်ပေါ်တွင် တည်ရှိကာ အနီရောင်ထင်ရှားသဖြင့် ဘုရားနီဟုလည်း ခေါ်ဆိုကြပါသည်။ စေတီတော်ကို သီရိလင်္ကာနိုင်ငံ အနုရာဓပူရမြို့မှ ထူပါရာမစေတီပုံစံကိုမှီး၍ ဆပဒမထေရ်က တည်ဆောက်ခဲ့သည်ဟု သိရပါသည်။ ဆပဒစေတီသည် ပုဂံခေတ်လက်ရာ စေတီပုံမျိုး မဟုတ်ပဲ သီဟိုဠ်ခေတ် ပုထိုးစေတီဆန်ဆန် ဓာတုဂဗ္ဘ သို့မဟုတ် ဟာမိလခေါ် ဓာတ်တော်တိုက် လေးထောင့်ပုံနှင့် ထုပိကာအထွဋ်တင်၍ တည်ဆောက်ထားပါသည်။ စေတီတော်ကို မဟာရံတံတိုင်း ပတ်လည်ဝိုင်းရံထားပြီး ခေါင်းလောင်းပုံ၏ အထက်၌ ဓာတ်တော်တိုက်ကို ထည့်သွင်းထားပုံမှာ သီဟိုဠ်ပုံစံအဖြစ် လေ့လာဖွယ်ဖြစ်ပါသည်။ ထို့ပြင် စေတီတော်၏ ခေါင်းလောင်းပုံနှင့် ငှက်ပျောဖူးတို့အကြား၌ လေးထောင့်စပ်စပ် ဓာတ်တော်တိုက်ကို ကြားညှပ်ခံပုံမှာလည်း ထူးခြားလှပါသည်။ စေတီတော်မှာ ငလျင်ဒဏ်ကြောင့် ဖောင်းရစ်ပတ်လည် ပြိုကျပျက်စီးသွားခဲ့ဖူးပါသည်။ သီဟိုဠ်သာသနာနှင့် ပုဂံသာသနာ ပေါင်းကူးပေးသော စေတီတော်အဖြစ် ကြည်ညိုဖွယ်ဖြစ်သည်။ ဆပဒစေတီ၏ မနီးမဝေးရှိ ဆပဒေါပုထိုး(၁၆၄/၁၃၁-က)မှာလည်း ဆပဒစေတီနှင့် ဆက်စပ်လျက် များစွာစိတ်ဝင်စားဖွယ်ဖြစ်သည်။ ၎င်းဆပဒေါပုထိုးမှာ ခရစ်နှစ် ၁၄၄၂ ခုနှစ်၊ အင်းဝခေတ်တွင် သီဟိုဠ်ပြန် ဆပဋောသ မထေရ်ပင့်ဆောင်လာသော သရီရဓာတ်တော်များအား ဌာပနာပြုလုပ် တည်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုများကြောင့် ရှေးဟောင်းခေတ်ဟူ၍ မသိမြင်နိုင်တော့ပေ။

(ဤနေရာကိုနှိပ်၍ အသေးစိတ်ဖတ်ရှုရန်)