ပုဂံ ဘုရားများ

26-Nov-2021

ပုဂံကို အေဒီ နှစ်ရာစု အစောပိုင်းတွင် သမုဒ္ဒရာဇ်မင်းက တည်ထောင်ခဲ့သည်ဟု ဆိုကြသော်လည်း မြို့တံခါး ၁၂ ခု ရှိသည့် ပုဂံမြို့တော်ကို အေဒီ ၈၄၉ ခုနှစ်တွင် ပျဉ်ပြားမင်းက တည်ထောင်ခဲ့သည်။အေဒီ ၁၁ ရာစုနှင့် ၁၂ ရာစုများတွင် ပုဂံကိုပါဠိအမည် အရိ မဒ္ဒနပူရ ဟု ခေါ်ဆိုခဲ့ပြီး မြန်မာဘာသာဖြင့်ရန်သူအပေါင်းကိုချေမှုန်းသောမြို့တော်ဟုအဓိပ္ပာယ်ရသည်။အရိမဒ္ဒနကို ပေါက္ကံ၊ပုဂံ စသည့် အမည်များနှင့်အတူ ခေါ်တွင်ခဲ့သည်။ခိုင်မာသော အထောက်အထားများအရ ပုဂံကိုပထမဦးစွာ အုပ်စိုးခဲ့သည့်ဘုရင်သည် အနော်ရတာ(ခရစ်နှစ် ၁၀၄၄-၁၀၇၇) ဖြစ်သည်။ 
အနော်ရထာမတိုင်မီ ကပင် ပုဂံတွင်ဘာသာရေးဆိုင်ရာအဆောက်အအုံများကိုဆောက်လုပ်ခဲ့ရာ ယင်း တို့ကိုအမျိုး အစား ရှစ်ခုခွဲခြားနိုင်ပြီး ထူပ(စေတီလုံး)၊လိုဏ်ဘုရား(ဂူဘုရား)၊ဘုန်းတော်ကြီးကျောင်း၊သိမ်၊ပိဋကတ်တိုက်၊နန်းတော်ရာ၊ဥမင်နှင့် ဌာပနာ တိုက် တို့ဖြစ်ကြသည်။
 ထူပ(စေတီလုံး)များသည် လိုဏ်မပါရှိသည့် လုံးတော်ပြည့် အဆောက်အအုံများဖြစ်ကြပြီး ဗူးဘုရားနှင့် ငကှဲျွနားတောင်းကဲ့ သို့ခေါင်လုံးစေတီများ၊လောကနန္ဒာ၊ရွှေဆံတော်တို့ကဲ့သို့ပစ္စယာလျှောအဆင့်ဆင့်တွင်ခေါင်းလောင်းပုံတည်ထားသော စေတီများ ၊ စိမ်းညက်ညီမဘုရားကဲ့သို့လေးထောင့်ပစ္စယာအဆင့်ဆင့်ပေါ်တွင်ပုထိုးတင်ကာဖရုံတုံးခံထားသည့်စေတီများနှင့်ဆပဒကဲ့သို့သီဟိုဠ် ပုံစံစေတီများ ဖြစ်ကြသည်။
 လိုဏ်ဘုရားများသည် အာနန္ဒာ၊ သဗ္ဗညု ၊ကန်တော့ပလ္လင်တို့ကဲ့သို့လိုဏ်ပါသောဂူဘုရားများဖြစ်ကြကာ ပုဂံတွင်သဗ္ဗညု သည် အမြင့်ဆုံးဂူဘုရားဖြစ်သည်။ပုဂံယဉ်ကျေးမှုနယ်မြေတွင်ရှင်အရဟံအုတ်ကျောင်းကဲ့သို့သောဘုန်းကြီးကျောင်းများ၊ဥပါလိသိမ် ကဲ့သို့သိမ်အဆောက်အဦများ၊ကျန်စစ်သားဥမင်၊ကျောက်ဂူဥမင်၊သမီးဝှက်နှင့် မြားသစသောဥမင်များကိုလည်းတွေ့ရှိရပေသည်။ ပိဋကတ်တိုင်များအနက် သရပါတံခါး၏နောက်ဘက်တွင် ပိဋကတ်တိုက်အဆောက်အဦဟောင်းရှိသည်။  ပုဂံရှိစေတီပုထိုးများကို“လှည်းဝင်ရိုးသံ၊တညံညံ၊ပုဂံဘုရားပေါင်း”ဟု မှတ်သားခဲ့ကြရာတွင်သံပေါက်၏ စပ်ထုံးသည် “အစ လေးလုံး၊ အလယ် သုံး၊အဆုံးငါးခု” ဖြစ်ပြီး အစလေးလုံးကို သာ ကောက်ယူရသဖြင့် ပုဂံဘုရားအရေအတွက်သည် ၄၄၄၆ ဆူရှိခဲ့ ကြောင်းယူသင့်ပေသည်။ အင်းဝခေတ် ၊ မိုးညှင်းမင်းတရားလက် ထက်က ရှိခဲ့သည့်  ပုဂံဘုရားများအရေအတွက်ကို “ဝင်းဝင်းထိန် လျှံ၊ ပုဂံဘုရားပေါင်း”ဟု ဆိုခဲ့သဖြင့်  ၄၄၇၄ ဆူဖြစ်ပေသည်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ကောက်ယူထားသော စာရင်းများအရ ပုဂံဒေသ၌ စေတီပုထိုးများ ၂၂၁၇ ဆူရှိကာ “ကျောင်းကြီးအုတ်နီ၊ကိန်းနှင့်ညီ၊စေတီဂူဘုရား” ဟု ယခင်က မှတ်တမ်းပြုခဲ့သည်။သို့သော် ယူနက်စ်ကိုအဖွဲ့၏ အကူအညီဖြင့် ၁၉၈၂ ခုနှစ် မှ ၁၉၉၁ ခုနှစ်အတွင်း ပြင်သစ်လူမျိုး ဗိသုကာ ပညာရှင် Pierre Pichard တောက်ယူခဲ့သည့်စာရင်းအရ  ပုဂံစေတီ ပုထိုးများ အရေအတွက်သည် ၂၈၃၄ ဆူဖြစ်သည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် ပုဂံ၌ ငလျင်လှုပ်ပြီးနောက် ပုဂံရှိ စေတီပုထိုးများအပါအဝင် ရှေးဟောင်းအဆောက် အအုံများကို ပြန်လည်စာရင်းကောက်ယူခဲ့ရာ မတူး ဖော်ရသေးသည့် ကုန်းများအပါအဝင် ၃၈၂၂ ဆူဖြစ်သည်။
ဆပဒ၏ သမိုင်းနောက်ခံ
မြန်မာနိုင်ငံနှင့် သီဟိုဠ်နိုင်ငံတို့သည် အနော်ရထာ မင်းမတိုင်မီကပင် ဆက်ဆံမှုများရှိခဲ့ပြီး အနော်ရထာမင်းလက်ထက်တွင် နှစ်နိုင်ငံဆက်ဆံမှုခိုင်မာခဲ့ပြီးဖြစ်သည်။အနော်ရထာမင်းသည် မိမိနှင့်ခေတ်ပြိုင်သီဟိုဠ်ဘုရင် ပထမဝိဇယဗာဟု(ခရစ်နှစ် ၁၀၅၅-၁၁၁၀) ထံသို့သံအဖွဲ့တစ်ဖွဲ့စေလွှတ်ကာ ဗုဒ္ဓစွယ်တော်ကို တောင်းခံခဲ့သကဲ့သို့ သီဟိုဠ်ဘုရင်ကလည်း အနော်ရထာမင်းကြီးထံ ရဟန်းအပါး ၁၀၀၀ ကိုသီဟိုဠ်သို့စေလွှတ်ပေးရန် ပင့်ဖိတ်ခဲ့သည်။သီဟိုဠ်နိုင်ငံအား အိန္ဒိယတောင်ပိုင်းမှ ဒမိလ လူမျိုးများ ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် စီးပွားရေးသာမက သာသနာရေးလည်း အလွန် အားနည်းသွားခဲ့ရာ ဥပသမ္ပဒါကံဆောင် ရဟန်းသံဃာတော်များ နည်းပါးသွားခဲ့သဖြင့် ပုဂံမှရဟန်းတော်များကိုပင့် ဖိတ်ခဲ့သည်။
 မြန်မာနိုင်ငံမှ သီဟိုဠ်သို့ပထမဆုံးကြွခဲ့သောရဟန်းတော်သည် ပံ့သကူမထေရ်ဖြစ်သည်။ အလောင်းစည်သူ ကွယ်လွန်ချိန် တွင် သားနရသူက ပုဂံထီးနန်းကိုဆက်ခံခဲ့သည်။အလောင်းစည်သူ၏ သားကြီး မင်းရှင်စောသည် ထီးနန်းလက်လွတ်ခဲ့ရ သဖြင့် ညီတော် ထံမှထီးနန်းကို တိုက်ခိုက်ယူရန်ချီလာချိန်တွင် နရသူသည် ပံ့သကုမထေရ်အား နောင်တော်ထံထီးနန်းအပ်ပါမည် ဟု ပြောဆိုကာစေ့စပ် ခိုင်းခဲ့သည်။ ပံ့သကူမထေရ် စေ့စပ်ပေးသဖြင့်ညီအစ်ကိုနှစ်ဦးသည် ပဋိပက္ခများပြေငြိမ်းသွားခဲ့ပြီး နရသူသည် နောင်တော်မင်းရှင်စောကို ထီးနန်းလွှဲအပ်ခဲ့သည်။သို့သော်နရသူသည် ထီးနန်းအပ်ခဲ့သည့်ညမှာပင် နောင်တော်မင်းရှင်စောကို အဆိပ် ခတ်ကာလုပ် ကြံခဲ့သဖြင့် ပံ့သကူမထေရ်သည် ပုဂံတွင်မနေတော့ဘဲသီဟိုဠ်သို့ကြွသွားခဲ့ပြီး နရပတိစည်သူနန်းတက်ချိန် ရောက်မှပုဂံသို့ ပြန်လည် ကြွ လာခဲ့သည်။
 သီဟိုဠ်သို့ဒုတိယမြောက်ကြွသော ရဟန်းတော်သည် ငှက်ပစ်တောင်ဂိုဏ်း၏ ဦးစီးနာယက ဥတ္တရာဇီဝမထေရ်ဖြစ်သည်။
ပံ့သကုမထေရ်သည် သီဟိုဠ်သို့ပထမဦးစွာကြွခဲ့သော်လည်း ဓမ္မခရီးသွားရောက်ခဲ့သည့် ဥတ္တရာဇီဝမထေရ်သည် သီဟိုဠ်သွားပထမ ဓမ္မခရီးသည် အဖြစ်ထင်ရှားခဲ့သည်။ခရစ်နှစ် ၁၁၇၀ ပြည့်နှစ်တွင်ဥတ္တရဇီ၀ မထေရ်သည်သီဟိုဠ်သို့ကြွရန်ပင်လယ်ဆိပ်ကမ်း မြို့ဖြစ် သည့် ပုသိမ်သို့ဦးစွာလာခဲ့သည်။ဥတ္တရာဇီဝမထေရ်နှင့်အတူ ပုသိမ်နယ်မှ သာမဏေတစ်ပါးအပါအဝင် ရဟန်းအချို့လိုက်ပါသွားခဲ့ သည်။ ထိုသာမဏေကို ပုသိမ်စီရင်စုအတွင်းရှိ ယခု ငပုတောမြို့နယ်ဟု ယူဆရဖွယ်ရှိသည့် ဆပဒ ရွာတွင် မြန်မာသက္ကရာဇ် ၅၁၂ ခုနှစ်(ခရစ်နှစ် ၁၁၅၀ ပြည့်နှစ်)တွင်ဖွားမြင်ခဲ့ပြီး သာမဏေပြုသောအခါ ရှင်သဒ္ဓမ္မဇောတိပါလ ဟု ဘွဲ့မည်ရှိကြောင်း ရဟန်းစာဆို တော်များအတ္ထုပ္ပတ္တိ စာအုပ်တွင်ရေးသားထားသည်။ နောင်အခါတွင်မွေးဖွားရာဇာတိမြေကိုအစွဲပြုလျက် ဆပဒဟုဘွဲ့မည်ထင်ရှားခဲ့ သည်။
 ပုဂံခေတ်တွင် ဆပဒအမည်ဖြင့် မထေရ်သုံးပါးပေါ်ထွန်းခဲ့ရာ သဒ္ဓမ္မဇောတိပါလသည်ပထမဆပဒမထေရ်ဖြစ်သည်။ ရှင်ဉာဏ သဒ္ဓမ္မဘွဲ့ရ ဒုတိယဆပဒမထေရ်နှင့်ရှင်ဓမ္မသီရိဘွဲ့ရ တတိယဆပဒမထေရ်တို့သည် ပထမဆပဒကိုဆက်ခံခဲ့ကြသည့် ရဟန်းတော် များဖြစ်ကြသည်။
 ပထမ ဆပဒမထေရ်သည် ပုဂံသို့ သီဟိုဠ်သာသနာကို ယူဆောင်လာခဲ့ပြီး စာပေကျမ်းဂန်များကို ပြုစုခဲ့သည့် ရဟန်းတော် တစ်ပါးဖြစ်သည်။ဆပဒသည် သီဟိုဠ်ကျွန်းသို့ရောက်ချိန်တွင် ရဟန်းပြုရမည့် အသက်အပိုင်းအခြားသို့ရောက်ရှိပြီဖြစ်သောကြောင့် ဆရာ ဖြစ်သူ ဥတ္တရာဇီဝမထေရ် နှင့် သီဟိုဠ်ရဟန်းများက ပဉ္စင်းပြုပေးခဲ့ကာ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
 ဥတ္တရဇီဝမထေရ် မြန်မာနိုင်ငံသို့ ပြန်လာချိန်တွင် ဆပဒသည် သီဟိုဠ်တွင် ဆက်လက်ပညာသင်ယူရန် ဆရာထံ ခွင့်ပန် ခဲ့ပြီး ပုဂံသို့ပြန်လည်လိုက်ပါလာခြင်းမပြုဘဲ သီဟိုဠ်တွင်နေရစ်ခဲ့ကာ ပိဋကတ်စာပေများကိုသင်ယူခဲ့သည်။ ဆပဒ ရဟန်း တော် သီဟိုဠ်တွင် ရှိနေချိန်သည် သီဟိုဠ်နိုင်ငံတွင် ဘုရင်ဖြစ်သူ ပရက္ကမဗာဟုက ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားစေရန် ဆောင်ရွက် နေ ချိန်ဖြစ်သည်။ ပရက္ကမဗာဟုသည် ပုဂံမင်းဆက်ဘုရင်များဖြစ်သည့် နရသူ၊မင်းယဉ်နရသိင်္ခ၊နရပတိစည်သူတို့နှင့် ခေတ်ပြိုင်ဖြစ်ခဲ့ သည်။ ဆပဒသည် ဗုဒ္ဓစာပေကျမ်းစာများအပြင် သီဟိုဠ်ရှိ ဗုဒ္ဓယဉ်ကျေး မှုနှင့်စေတီ၊ပုထိုး၊သာသနိကအဆောက် အဦများ ကိုလည်း လေ့လာခဲ့ကာသီဟိုဠ်ကျွန်းတွင် ၁၀ နှစ်ကြာ နေထိုင်ခဲ့သည်။
 ဥတ္တရာဇီဝမထေရ် သီဟိုဠ်သို့ ရောက်ရှိခဲ့စဉ်က သီဟိုဠ်ရဟန်းများနှင့် မြန်မာရဟန်းများသည် အတူတကွ ကံဆောင်လျက် သံဃာကိစ္စများကို ဆောင်ရွက်ခဲ့သော်လည်း သီဟိုဠ်ကျွန်း၌ ၁၀ နှစ်ကျော် နေထိုင်ခဲ့ပြီးဖြစ်သည့် ဆပဒသည် သီဟိုဠ်သာသနာ၏ သြဇာသက်ရောက်မှုကို ခံခဲ့ရသည်။ဆပဒသည် မြန်မာနိုင်ငံသို့ပြန်လည် ကြွလာချိန်တွင်မိမိနှင့်အတူ သံဃာ့ ကိစ္စ များဆောင်ရွက် နိုင်ရန် သီဟိုဠ်မှ မိမိနှင့် သီတင်းသုံးဖော်များဖြစ်သည့် တာမရလိပ္ပတိ ရွာသား သီဝလိမထေရ်၊ ကမ္ဘောဇမင်း၏ သားတော် တာမလိန္ဒ မထေရ်၊ကိဉ္စပူရသား အာနန္ဒာမထေရ်နှင့် သီဟိုဠ်ကျွန်းသားရာဟုလာမထေရ်တို့ကို ပုဂံသို့ပင့်ဆောင်ခဲ့သည်။
 ဆပဒမထေရ်နှင့် သီဟိုဠ် ရဟန်းလေးပါးတို့သည် သီဟိုဠ်မှ မြန်မာနိုင်ငံသို့ခရစ်နှစ် ၁၁၈၁ ခုနှစ်တွင် သင်္ဘောဖြင့်ပြန်လာ
ခဲ့ကြရာ ပုသိမ်သို့ရောက်ရှိချိန်တွင် ဝါဝင်နီးချိန်ဖြစ်သဖြင့် ပုဂံသို့ ဆက်လက် ခရီးမဆက်တော့ဘဲ ပုသိမ်တွင်တစ်ဝါဆိုခဲ့သည်။
ရဟန်းတော်များသည် ပုသိမ်မြို့၏ တောင်ဘက်တွင် သက်ကယ်ကျောင်းတစ်ကျောင်းဆောက်လုပ်ကာ ဝါဆိုဝါကပ်ခဲ့ကြသည်ဟု အဆိုရှိခဲ့ပြီး သီဟိုဠ်ရောက်ကျောင်းဟု ထင်ရှားခဲ့သည်။ ဆပဒ နှင့် သီဟိုဠ် ရဟန်းများသည် သီတင်းကျွတ်တွင် ပုဂံသို့ ကြွခဲ့ကြပြီး ဆရာရင်းဖြစ်သူ ဥတ္တရဇီ၀ မထေရ်သည် မိမိမရောက်မီ ရက်အနည်းငယ်က ပျံလွန်ခဲ့ကြောင်းသိရှိ လိုက်ရသည်။ 
 ဆပဒသည် ပုဂံသို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ပုဂံဘုရင် နရပတိစည်သူ ကြည်ညိုသော လေးစားသော ဆရာတော် တစ်ပါး ဖြစ်လာခဲ့သည်။ဆပဒမထေရ်နှင့် သီဟိုဠ်ရဟန်း လေးပါးတို့သည် သီဟိုဠ်နိုင်ငံမှ မဟာဝိဟာရနိကာယ ဂိုဏ်းကို ပုဂံတွင် ထူထောင်ခဲ့ကာ ပုဂံသားရဟန်းများနှင့် သံဃာ့ကံမပြုကြဘဲ မိမိတို့ငါးပါးသာ ကံပြုခဲ့ကြသဖြင့် ပုဂံတွင် သံဃာဂိုဏ်း နှစ်ခုဖြစ် လာ ခဲ့သည်။ ပထမဂိုဏ်းသည် ရှင်အရဟံ ဆောင်ကြဉ်းခဲ့သည့် ပုရိမသံဃာ(ရှေးဦး) ဂိုဏ်းဖြစ်ပြီး ဆပဒမထေရ် ဆောင်ကြဉ်းခဲ့သော သီဟိုဠ် ငါးပါးဂိုဏ်းသည် ဒုတိယ သီဟိုဠ်ရောက် ဂိုဏ်းဖြစ်သည်။
 နရပတိစည်သူမင်းသည် ဆပဒ နှင့် သီဟိုရ် ရဟန်းလေးပါးကို များစွာကြည်ညိုခဲ့သည်။ဘုရင်၏ အားပေးမှုကြောင့် ဆပဒ နှင့် သီဟိုဠ်ရဟန်းများသည်ဧရာဝတီ မြစ်လယ်တွင်လှေဖောင်များဖွဲ့လျက် ဥဒကုက္ခေပ ရေသိမ်ပြုလျက် ပဉ္စင်းလောင်းများစွာကို ရဟန်းပြုပေးခဲ့သည်။ထိုအချိန်မှစ၍သီဟိုဠ် သံဃာဂိုဏ်းသည် ပုဂံတွင် များစွာတိုးတက်ကြီးပွားခဲ့သည်။
 နရပတိစည်သူမင်းသည် ဆပဒမထေရ်ကို ကျောင်းတစ်ခု ဆောက်လုပ်လှူဒါန်းခဲ့ပြီး ကျောင်းပရိဝုဏ်အတွင်း ၌ ဘုရင့် ကောင်းမှုတော် စေတီ တစ်ဆူကို တည်ထားခဲ့ရသည်။ ယင်းစေတီသည်  ဆပဒမထေရ် တည်ထားခဲ့ပြီး ဆပဒစေတီဟု ဘွဲ့မည် တွင်လျက်ရှိသည့် သီဟိုဠ်ပုံစံစေတီ တော်ဖြစ်သည်။
စေတီတည်ခဲ့သည့် ခုနှစ်သက္ကရာဇ် အတိအကျကို မသိရှိသော်လည်းဆပဒ မထေရ် ပုဂံတွင်ရှိနေသည့် ခရစ်နှစ် ၁၁၈၁ ခုနှစ် နောက်ပိုင်းကာလဟု မှန်းဆနိုင်ပေသည်။ဆပဒမထေရ်သည် ဗုဒ္ဓစာပေကျမ်းဂန်များကို ကျွမ်းကျင်တော်မူသည့် အလျောက် သဒ္ဒါကျမ်းများ၊ဗုဒ္ဓပိဋကတ်ဆိုင်ရာ သုတ်၊ဝိနည်း၊အဘိဓမ္မာကျမ်းများကို ရေးသားပြုစုခဲ့သည်။ဆပဒမထေရ်သည် နရပတိ စည်သူ မင်းလက်ထက်တွင် ပျံလွန်တော်မူခဲ့ပြီး ပျံလွန်သည့် ခုနှစ်အတိအကျကိုမသိခဲ့ကြပါချေ။
ဆပဒ၏ တည်ထားဟန်
 ဆပဒမထေရ်သည် ယခုသီရိ လင်္ကာနိုင်ငံ၊ အနုရာဓပူရမြို့ရှိ ထူပါရာမစေတီတော်ကို ပုံစံပြုကာ စေတီတော် တည်ထားခဲ့ သည်။ ထိုစေတီတော်သည်  တည်ခဲ့သော မထေရ်ကိုအစွဲပြုလျက် ဆပဒစေတီဟုထင်ရှားသည်။
ဆပဒသည် ဂူဘုရားတစ်ခု မဟုတ်ဘဲ မြေစိုက်စေတီတစ်ဆူဖြစ်ကာ စတုရန်းပုံ အုတ်ခုံဖိနပ်ပေါ်တွင် ခေါင်းလုံးပုံ ကိုယ်လုံး ရှိသည်။စေတီတော်အထက်ပိုင်းရှိ လေးထောင့်ပုံဓာတ်တော်တိုက်၏ အပေါ်တွင် ထုပိကာအထွတ်ကို ပုံဟန်ခပ်ဆန်းဆန်း ပြုလုပ် ထားသည်။လက်ရှိအချိန်တွင် ဆပဒစေတီသည် ထုပိကာအထွတ်ထိပ်ပိုင်းတွင်အနည်းငယ်ပျက်စီးနေသည်မှလွဲ၍ မူလလက်ရာ အတိုင်းရှိနေသည်။(ထုပိကာကို မြန်မာ အဘိဓာန်တွင် ပြသာဒ်အထွတ်ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။)
ဆပဒစေတီကို စက်ဝိုင်းပုံ အောက်ခံခုံလုံးပေါ်တွင် ခေါင်းလုံးပုံတည် ထား ပြီး အပေါ်တွင်သေတ္တာတစ်လုံး ပုံသဏ္ဌာန် ရှိသော ဟာမိက ခေါ်ဓာတ်တော်တိုက်ရှိသည်။။ယင်းသို့ ဟာမိက ပါရှိသောစေတီများကို အိန္ဒိယနိုင်ငံတွင်တွေ့ရှိနိုင်သည်။ ဆပဒစေတီ၏ ဟာမိကအပေါ်တွင်စေတီအထွတ်ကို ထီးတော်ကဲ့သို့ ပြုလုပ် ထားပြီးစေတီ အထွတ်တွင် ဖောင်းရစ်များကို လည်းပြုလုပ်ထားသည်။ပုဂံခေတ်က တည်ခဲ့သည့် ဘုရားပုထိုးများတွင် ယခုခေတ်ကဲ့ သို့ ထီးတော်များတင်ထားခြင်းမရှိချေ။                                                                                                   
 စာရေးဆရာ ရွှေကိုင်းသားက ဆပဒစေတီကို ပစ္စယာသုံးဆင့်အနေဖြင့်ကြည့်လျှင် စစ်ကိုင်းဘက်မှ အပြီးမသတ်သေးသော ထူပါရုံစေတီနှင့်တူပြီး စေတိက ကုစ ္ဆိဝေဒိက၊ဆတ္တတို့ကိုပါ အပြည့်အစုံကြည့်လျှင် စစ်ကိုင်းဆင်များရှင်ခေါ်ရတနာစေတီနှင့်တူ ကြောင်း ပုဂံသွားမှတ်တမ်းတွင်ရေးသားခဲ့သည်။ ကု စ္ဆိဝေဒိကသည် စေတီဝမ်းကို ရံ၍ ပြုအပ်သော ပစ္စယာ(ပွတ်တိုင်) ဖြစ်ပြီး ဆတ္တသည် ထီးဟု ပါဠိမြန်မာ အဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုသည်။
 စေတီတော်ရင်ပြင်သို့တက်ရန်အုတ်လှေကားတစ်ခုရှိပြီး ယင်းလှေကားကိုခွလျက် အမိုးပေါင်းကူးထားသည့် မုခ်ပေါက် ရှိသည်။ အုတ်လှေကားကိုးထစ်မှ တက်ရောက်၍ မုခ်ပေါက်အောက်မှ ကျော်ဖြတ်သွားလျှင်ဆပဒစေတီရင်ပြင်ပေါ်သို့ရောက်ရှိသည်။ လေးထောင့်ပုံ အုတ်ခုံရင်ပြင်စင်္ကြ ံပေါ်တွင် ဆပဒသည် ထီးတည်း တည်ရှိနေကာ စေတီပတ်လည်တွင်ရှေးခေတ်လက်ရာ အုတ်မှန် ကူကွက်များကို မြင်တွေ့ရသည်။ ရင်ပြင်တွင် မည်သည့် အဆောက်အဦမှ မရှိဘဲ စေတီတစ်ခုတည်းသာရှိနေသဖြင့် ဆပဒစေတီ၏ မြင်ကွင်းသည် ရှင်းလင်းနေပေသည်။ ၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ပုဂံစေတီပုထိုးများစွာ ထိခိုက် ပျက်စီးခဲ့ရာတွင် ဆပဒစေတီ၏ ဖောင်းရစ်များ ပျက်စီးခဲ့သည်။ 
 လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ကျော်က တည်ထားခဲ့သည့် သီဟိုဠ် ဗိသုကာပုံစံ ဆပဒ စေတီသည် မူလ လက်ရာအတိုင်း ယနေ့တိုင်ထင်ရှားစွာတည်ရှိနေသည်။ မြန်မာနိုင်ငံနှင့်သီဟိုဠ်ကျွန်း(ယခု သီရိလင်္ကာ)တို့၏ယဉ်ကျေးမှု ကူးလူး ဆက်သွယ်မှုတစ်ရပ် အဖြစ် သမိုင်းဝင်တည်ရှိနေသော ဆပဒသည် ပုဂံသို့လာရောက်ကြသော ပြည်တွင်းပြည်ပ ဘုရားဖူး များဝင်ရောက်ဖူးမျှော် လေ့လာ သင့်သော စေတီတော်တစ်ဆူပင် ဖြစ်ပါပေသည်။

မောင်သာရှေးဟောင်းသုတေသန

ကိုးကား
ပုဂံဘုရားပုထိုးများ(ပြန်ကြားရေး ဝန်ကြီးဌာန)
ပုဂံခရီးသည်(ပါရဂူ)
ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ (ဘုန်းနွယ်၊ရေစကြို