အလိုတော်ပေါက်ဘုရား

Listing Description

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ နမ့်ပန်းကျေးရွာတွင် တည်ရှိသည်။ သီရိဓမ္မာသောကမင်းကြီးကောင်းမှု စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု သိရပြီး မူလဘွဲ့အမည်မှာ "အင်းဘုရား"ဟု မှတ်တမ်းထားရှိသည်။ အနော်ရထာမင်းသည် တိုင်ခန်းလှည့်လည်ရင်း အင်းလေးဒေသသို့ ရောက်ရှိလာကာ ချုံနွယ်များ ပိတ်ဖုံး၍ ဖိနပ်တော်သာ ကျန်ရှိတော့သည့် အင်းဘုရားကို ချုံများရှင်းလင်းစေပြီး ဓာတ်တော်ရှစ်ဆူကို ထပ်မံဌာပနာ၍ ပြန်လည်တည်ထားခဲ့သည်။ ထို့နောက်တွင် အလောင်းစည်သူမင်း၊ နရပတိစည်သူမင်း၊ ပုဂံမင်းဆက် စောမွန်နစ်မင်းတို့မှစ၍ စကား၊ ညောင်ရွှေ၊ နောင်မွန်၊ မိုးနဲ၊ မိုင်းကိုင်၊ ရပ်စောက်၊ လဲချား၊ တီကျစ်၊ သီပေါ စသော စော်ဘွား၊ မြို့စားများက ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြပါသည်။ အလိုတော်ပေါက်ဘုရားတွင် ဂေါပကအဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်ထားသော ထူးခြားသည့် ကြေးဖလားတစ်လုံးရှိသည်။ ထိုကြေးဖလား၏ အတွင်းဘက်တွင် ငါးထောင့်ကြယ်ပုံပါရှိပြီး ကြယ်၏ထောင့်များတွင် ပွင့်တော်မူပြီးသော ဘုရားလေးဆူနှင့် ပွင့်တော်မူလတ္တံ့သော အရိမေတ္တယျမြတ်စွာဘုရား ရုပ်ပုံတော် ထွင်းထုထားသည်။ ဖလားဘေးပတ်လည်တွင် ကနုတ်များထွင်းထုထားပြီး သစ်သားတုတ်ဖြင့် ဖလားနှုတ်ခမ်းအားပွတ်လျှင် ကြေးစည်သံထွက်ပြီး ဆုတောင်းလျှင် ဆုတောင်းပြည့်သည်ဟု ဒေသခံများ ယုံကြည်ကြပါသည်။