ဖက်လိပ်ဘုရားများ

Listing Description

ဖက်လိပ်ဘုရားများသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ လောကနန္ဒာဘုရားသို့သွားရာ လမ်းနံဘေးတွင် တည်ရှိပါသည်။ သီဟိုဠ်ပုံစေတီနှစ်ဆူဖြစ်ပြီး ဖက်လိပ်နားတောင်းပုံစံရှိသဖြင့် အရှေ့ဖက်လိပ်နှင့် အနောက်ဖက်လိပ်ဟူ၍ ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ စေတီနှစ်ဆူလုံးမှာ ပုဂံခေတ်ဦးကာလ စောလူးမင်း၏ ကုသိုလ်တော်ဟု မှတ်ယူကြပါသည်။ ဖက်လိပ်ဘုရားနှစ်ဆူအနီးတွင်လည်း စောလူးမင်း၏ကောင်းမှုပင်ဖြစ်သော အလွန်ရှေးကျသည့် ကျောက်စကားကြီးဘုရားကို ကတ္တရာလမ်းသာခြားလျက် ဖူးတွေ့နိုင်ပါသည်။ ယခင်က ဖက်လိပ်ဘုရားနှစ်ဆူ၏ အောက်ခြေတွင် မြေပို့နေခဲ့သည်။ မြေပေါ်တွင် ပေါ်နေသည့် အပိုင်းသည် ဖက်လိပ်နားတောင်းပုံသဏ္ဌာန်ရှိပြီး ဖက်လိပ်ဘုရားများဟု ခေါ်တွင်ခဲ့ကြသည်။ ဖက်လိပ်ဘုရားနှစ်ဆူ၏ ခေါင်းလောင်းပုံအထက်တွင် ဓာတ်တော်တိုက်နှင့် ဖောင်းရစ်အဆင့်ဆင့် ရှိသည်။ ခေါင်းလောင်းပုံတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ ထားရန် မုခ်ကပ်များပါရှိသည်။ အရှေ့ဖက်လိပ်ဘုရား၏ အောက်ခြေတွင် ပေါင်းကူးစင်္ကြံပတ်လမ်းများ ပြုလုပ်ထားပြီး စင်္ကြံပတ်လမ်း၏ အတွင်းနှင့် အပြင်နံရံတွင် ငါးရာ့ငါးဆယ် ဇာတ် မြေမီးဖုတ် အုတ်ချပ်များ ကပ်၍ထားသည်။ ထိုမြေမီးဖုတ် အုတ်ချပ်များတွင် ဇာတ်အမှတ်စဉ်နှင့် အမည်များပါရှိသည်။ ထိုမြေမီးဖုတ် အုတ်ချပ်များတွင် ဗြဟ္မာ၊ သကြား၊ နတ်၊ ရုက္ခစိုး၊ ရသေ့၊ မင်း၊ မိဖုရား၊ မင်းသားမင်းသမီးပုံများ၊ သဘာဝအလှရှုခင်းများနှင့် တိရစ္ဆာန်ပုံများကို လေ့လာကြည့်ရှုနိုင်သည်။ အနောက်ဖက်လိပ်ဘုရား အောက်ခြေ ပေါင်းကူး စင်္ကြံပတ်လမ်းများ၏ အတွင်းနှင့် အပြင်နံရံတွင်လည်း ငါးရာ့ငါးဆယ် နိပါတ်တော် မြေမီးဖုတ် အုတ်ချပ်များ ကပ်၍ တန်ဆာဆင်ထားသည်။ (၅၅၀) ဇာတ်တွင် (၅၄၇)ဇာတ်သာရှိသော်လည်း အနောက်ဖက်လိပ်ဘုရားတွင် (၅၅၀)ဇာတ်ပြည့်အောင် (၄၉၇)ဝေလာမဇာတ်၊ (၄၉၈)မဟာဂေါဝိန္ဒဇာတ်နှင့် (၄၉၉) သုမေဓပဏ္ဍိတဇာတ်တို့ကို ဖြည့်စွက်ပြုလုပ်ထားသည်။ ဖက်လိပ်ဘုရားများသည် အောက်ခြေလေးထောင့်တွင် ပေါင်းကူးမိုး၍ ပတ်လမ်းနံရံတွင် အကွက်အဆင့်များ အတွင်းက ဇာတ်နိပါတ်ချပ်များ ကပ်ထားသည်။ အပေါ်တွင် ထူပါရုံအထွတ်ပါရှိ၍ ထူပါတွင် ဘေးက မုခ်ဆောင်ငယ်များပါရှိသည်။ ၎င်းပုံသဏ္ဌာန်မှာ အခြားနေရာတွင် မရှိချေ။