နတ်လျောင်းကျောင်း

Listing Description

နတ်လျောင်းကျောင်းသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသ၊ အနော်ရထာလမ်း၊ သဗ္ဗညုတဘုရားကြီး၏ အနောက်ဘက်၌ တည်ရှိပါသည်။ နတ်လျောင်းကျောင်းသည် ပုဂံခေတ်ဦး ဗြဟ္မဏအယူရှိသူတို့ ဝတ်ပြုရာ အဆောက်အအုံဖြစ်ပါသည်။ အနော်ရထာမင်းလက်ထက်တွင် ထေရဝါဒဗုဒ္ဓဘာသာ ပြန့်ပွားလာစေရန် ဆောင်ရွက်ရာ၌ အစဉ်အလာကိုးကွယ်ခဲ့သည့် နတ်များအား လှောင်ထားချုပ်နှောင်ရာ ကျောင်းဖြစ်ကြောင်း အဆိုရှိကြသည်။ သို့သော် နတ်လျောင်းကျောင်းသာဖြစ်ပါသည်။ နတ်လှောင်ကျောင်းမဟုတ်ပါ။ အတွင်း၌ လဲလျောင်းအိပ်စက်ဟန် ဗိဿနိုး နတ်မင်းကြီး ရုပ်တုရှိသောကြောင်း နတ်ကျောင်းဟုလည်း ခေါ်ဆိုကြပါသည်။ နတ်လျောင်းကျောင်းအတွင်း တမီလ်ဘာသာဖြင့် ရေးထိုးထားသော ကျောက်စာအရ နတ်လျောင်းကျောင်း၏ ဘွဲ့အမည်မှာ နာနာ ဒေစီဗွင်နာဂရအလဝါဘုရားကျောင်း ဖြစ်ပါသည်။ ယင်းကျောင်း၌ ခရစ်နှစ် ၁၃ ရာစုနှစ်တွင် မကာဒယာပတ္ထနမ်မြို့နေ စရိကုလဆေခရစ်၏ တပည့် အိုင်ယာယီရန်စီရီယန်အမည်ရှိ ဗိဿနိုးနတ် ကိုးကွယ်သူ သူတော်စင်တစ်ဦးက အရှေ့ဘက်ဆင်ဝင်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ နတ်လျောင်းကျောင်းကို ဗိဿနိုးနတ်ဆိုင်ရာ ရုပ်တုများနှင့် သေချာကျနစွာ တည်ဆောက်ထားပြီး နတ်လျောင်းကျောင်းအတွင်း အနန္တနဂါးထက်၌ ဗိဿနိုးနတ် လဲလျောင်းအိပ်စက်နေဟန်၊ ချက်မှ ကြာရိုးထွက်၍ ကြာပွင့်များထက်၌ ဗြဟ္မဏဘာသာနတ်များ တည်နေဟန်တို့ကို တွေ့မြင်နိုင်ပါသည်။ နံရံမုခ်ကပ်များအတွင်းတွင် ဗိဿနိုးနတ်မင်း၏ ကိုယ်ပွားများဖြစ်ကြသော မစ္ဆ(ငါးမင်း)၊ ကုရ်မ(လိပ်မင်း)၊ ဝါရဟ(ဝက်မင်း)၊ နရသီဟ (ခြင်္သေ့မင်း)ပုံများနှင့် ကြာပလ္လင်ထက်၌ သီဝရုပ်ထုထိုင်နေဟန်၊ ဗိဿနိုးနတ်ရုပ်များမတ်တပ်ရပ်နေဟန်တို့ကို လေ့လာကြည့်ရှုနိုင်ပါသည်။