ပုဂံ၊ ညောင်ဦးဒေသမှတစ်ဆင့် သွားရောက်လည်ပတ်နိုင်မည့် သဘာဝအခြေပြုခရီးစဉ်ဒေသသစ် ငါးခုကို တိုးချဲ့ဖော်ဆောင်သွားမည်

Listing Description

မန္တလေး ဒီဇင်ဘာ ၂၃

ကိုဗစ်-၁၉ အလွန်ကာလတွင် ပြည်တွင်းရှိခရီးသွားလုပ်ငန်းများ ပြန်လည် ကောင်းမွန်လာစေရေးအတွက် ပုံမှန်လည်ပတ်နေကျခရီးစဉ်ဒေသများအပြင် ပုဂံ၊ ညောင်ဦးဒေသမှတစ်ဆင့် သွားရောက်လည်ပတ်နိုင်မည့် သဘာဝအခြေပြု ခရီးစဉ်ဒေသသစ်ငါးခုကို တိုးချဲ့ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်က ပြောကြားသည်။

အဆိုပါ သဘာဝအခြေပြုခရီးစဉ် ဒေသသစ်များအနေဖြင့် တူးရွင်း တောင်ပေါ်ရှိ အရှည်ပေ ၈၀ ရှိသည့် ကျောက်ရေကန်၊ ဇီးအိုကျေးရွာ၊ စက်စက်ယို ကျေးရွာ၊ ပုပ္ပါးတောင်မကြီးခရီးစဉ်နှင့် ကျောက်မြင့်မိုရ်ဘုရားတို့ဖြစ်ကာ ကိုဗစ် ကာလအလွန် ခရီးသွားဧည့်သည်များ သွားရောက်လေ့လာလည်ပတ်နိုင်စေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

‘‘ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွင့်လာတဲ့အချိန်မှာ ခရီးသွားဧည့်သည် တွေ ဒေသသစ်တွေလည်ပတ်နိုင်ဖို့အတွက် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း တွေကို ဖော်ဆောင်သွားဖို့ရှိပါတယ်။ ပုဂံဘက်က တူးရွင်းတောင်မှာ ပုဂံခေတ် ကတည်းက ထူးခြားတဲ့ ကျောက်ရေကန်ရှိတယ်။ ပုပ္ပားတောင်ခရီးစဉ်ကိုလည်း မြှင့်တင်မယ်။ ကျောက်မြင့်မိုရ်ဘုရားကို ဧရာဝတီမြစ်နောက်ခံထားပြီးတော့ Sun Set ကြည့်တဲ့နေရာတွေ ဖော်ထုတ်မယ်။ ခရီးသွားဧည့်သည်တွေ လေ့လာ လည်ပတ်တဲ့အခါမှာ လုံခြုံမှုရှိစေဖို့အတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ တွေကို ဖွဲ့စည်းပေးထားပါတယ်။ ယခုနှစ် ဇူလိုင်လကစတင်ပြီးတော့ ပုဂံ၊ ပြင်ဦးလွင်၊ မိုးကုတ်တို့မှာတစ်ပြိုင်တည်း ဖွဲ့စည်းပေးခဲ့ပါတယ်။ ဆက်လက် ပြီးတော့ မန္တလေး၊ အင်းဝ၊ မိတ္ထီလာ စတဲ့ဒေသတွေမှာ ဖွဲ့စည်းသွားမှာပါ’’ ဟု ၎င်းက ရှင်းပြသည်။

ပုဂံ၊ ညောင်ဦးဒေသရှိ အထင်ကရဘုရားစေတီပုထိုးများ၊ ယဉ်ကျေးမှုအနု လက်ရာများနှင့် ခရီးစဉ်ဒေသအသစ်များကို ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် များ လာရောက်လေ့လာလည်ပတ်နိုင်စေရန်အတွက် ပုဂံ၊ ညောင်ဦးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ(DMO)ကိုလည်း ဖွဲ့ စည်းထားပြီး ခရီးစဉ်များ၏ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန် ချက်များနှင့် စနစ်တကျသွားရောက်လည်ပတ်နိုင်စေရေးတို့ကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မင်းထက်အောင်(မန်းကိုယ်ပွား)