အပယ်ရတနာဘုရား

Listing Description

အပယ်ရတနာဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံဒေသ၊ မြင်းကပါရွာတောင်ဘက်၊ ပုဂံမြို့သစ်သို့သွားသော ကတ္တရာလမ်းအနောက်ဘက်ဘေးရှိ ဘုရားစုအတွင်းတွင် တည်ရှိပါသည်။ ကျန်စစ်သားမင်းကြီး မင်းမဖြစ်မီအချိန်က စောလူးမင်းရန်ကြောင့် ထွက်ပြေးစဉ် နဂါးရုံဘုရားတည်သည့်နေရာတွင် ပုန်းအောင်းနေစဉ် အပယ်ရတနာမိဖုရားထမင်းပို့သည့်နေရာ၌ မင်းဖြစ်သည့်အခါ၌ ချစ်မြတ်နိုးသော မိဖုရားကြီး အထိမ်းအမှတ်အဖြစ် တည်ထားခဲ့ကြောင်း အပယ်ရတနာဘုရားအရှေ့တောင်ဘက်ကပ်လျက်ရှိသော သက်တော်ရှည်ဘုရားအတွင်း ရေးထားသော မင်စာအရ သိရပါသည်။ အပယ်ရတနာဘုရားသည် အချိုးအစားကျသော ဂူဘုရားဖြစ်ပြီး အပေါ်အထွဋ်စေတီပုံမှာလည်း သီဟိုဠ်ပုံစေတီနှင့် ပုံစံတူကာ ပုဂံတွင် နံရံဆေးရေးပန်းချီကောင်းရှိသော ဂူဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ လိုဏ်ဂူအတွင်းခန်းမ၌ ဘူမိဖဿမုဒြာ အနေအထားဖြင့် အုတ်ဆင်းတုတော်တစ်ဆူ ရှိသည်။ နံရံဆေးရေးပန်းချီလက်ရာများအနေဖြင့် ထူးခြားသည်မှာ ဤဂူဘုရားအတွင်းတွင် မဟာယနဆိုင်ရာ ပန်းချီများ၊ ထေရဝါဒဆိုင်ရာ ပန်းချီများ၊ ဗြဟ္မဏဘာသာဆိုင်ရာ နတ်ရုပ်များကို စီးတော်ယာဉ်များနှင့်တကွ စုံလင်အောင် ရေးဆွဲထားပါသည်။  ရှေးဟောင်း မွန်မင်စာနှင့် ဗုဒ္ဓဝင်ဇာတ်ကွက်ပုံများကိုလည်း အရှေ့ဘက်ဆောင်၌ တွေ့နိုင်ပါသည်။ အပယ်ရတနာဘုရားတွင် မဟာယာန၊ ဗြာဟ္မဏအယူဝါဒများဆိုင်ရာ နံရံဆေးရေးပန်းချီများကို အခြားဂူဘုရား တို့ထက်ပို၍ တွေ့မြင်ရပါသည်။