မြောင်းမြမြို့ဟောင်း

Listing Description

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် တည်ရှိသည်။ ယခုမြောင်းမြမြို့သစ်နှင့် ၇ မိုင်ကွာ အနောက်တောင်ထောင့်အရပ် ရွှေဘုံသာတောင်ခြေ၊ မြို့ဟောင်းချောင်းနှင့် ငါးမြင်းချောင်းတို့ဆုံရာအနီးတွင် တည်ရှိသည်။ လက်ရှိတွင် မြို့ဟောင်းဧရိယာအတွင်း၌ ကုန်သာရွာနှင့် မြို့ဟောင်းရွာတို့ တည်ရှိနေသည်။ မြေပုံမှတ်တမ်းအရ မြောင်းမြမြို့ဟောင်းသည် လေးထောင့်ပုံစံဖြစ်သော်လည်း တောင်ဘက်မျက်နှာသည် အခြားမျက်နှာများထက် ကျဉ်းမြောင်းသဖြင့် တြိဂံပုံစံထင်ရသည်။ မြို့ရိုးနှင့် ကျုံးများကို တချို့နေရာများ၌ ထင်ထင်ရှားရှား မြင်တွေ့နိုင်သေးသည်။ ၁၉၉၉ - ၂၀၁၀ ခုနှစ်များတွင် ရှေးဟောင်းသုတေသနဌာနက မြောင်းမြမြို့ဟောင်းဝန်းကျင်ကို တူးဖော်သုတေသနပြုလုပ်၍ ယခုအချိန်တွင် Ancient Site Zone နှင့် Protected and Preserved Zone များအဖြစ် သတ်မှတ်ခဲ့သည်။ သုတေသနအစီရင်ခံစာအရ မြို့ဟောင်းအတွင်းအပြင် ဝန်းကျင်တွင် မြို့ရိုး၊ ကျုံး၊ မြေကုန်း၊ အဝိုင်းပုံပန္နက်ရှိ မြေစိုက်စေတီ၊ ရှစ်မြှောင့်ပုံပန္နက်ရှိ မြေစိုက်စေတီ၊ လေးထောင့်ပုံပန္နက်ရှိ မြေစိုက်စေတီ၊ မဟာတံတိုင်းပါသော မြေစိုက်စေတီ၊ စေတီစု၊ လေးထောင့်ပုံပန္နက်ရှိ အဆောက်အအုံ၊ အဆောက်အအုံအကြွင်းအကျန်နှင့် အုတ်ရိုးများ၊ စဉ့်ဖို၊ အုတ်စီလမ်း၊ ရေကန်ဟောင်း၊ သိမ်နှင့် ရေသိမ် စသော အဆောက်အအုံအကြွင်းအကျန်းများ တွေ့ရှိရပြီး သာသနိကအဆောက်အအုံ အကြွင်းအကျန် စုစုပေါင်း ၂၀၀ ကျော်ကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်ဟု သိရပါသည်။ မြောင်းမြမြို့ဟောင်းသည် အေဒီ ၁၅ - ၁၆ ရာစုထက် ပိုမစောသော ကာလ၌ ထွန်းကားခဲ့သော မြို့ဟောင်းတစ်ခုဖြစ်ကြောင်း သုတေသီများက ခန့်မှန်းကြပါသည်။