မောင်ဖေငယ် (ဦးတင်ဖေ) (၁၉၄၄-၂၀၁၁)

Listing Description

စာရေးဆရာမောင်ဖေငယ်သည် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့တွင် ၁၉၄၄-ခုနှစ်၊ ဇန်နဝါရီ(၈)ရက်၊ စနေနေ့တွင် အဘဦးဖိုးဦး၊ အမိ ဒေါ်လှတင်တို့မှ ဖွားမြင်သော ဒုတိယမြောက်သား ဖြစ်သည်။ ဖြူးမြို့တွင် အထက်တန်းပညာ အောင်မြင်ခဲ့ပြီးနောက် တက္ကသိုလ် ဆက်မတက်ဘဲ စာပေလောကထဲသို့ ခြေစုံပစ် ဝင်ရောက်ခဲ့သည်။ မိခင်ဖြစ်သူမှာ စာရေးဆရာ၊ ဒါရိုက်တာ ဆရာကြီးဦးသုခ၏ ညီမအရင်း ဖြစ်သည်။

(၁၉၆ဝ)ပြည့်လွန်နှစ်များတွင် ဖြူနီညိုပြာစာပေ တိုက်သို့ရောက်ရှိပြီး သတင်းစာ ဆရာကြီးစိန်ခင်မောင်ရီထံတွင် စာပေ တပည့်အဖြစ် ခံယူသည်။ (၁၉၇၁)ခုနှစ်တွင် အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်ခင်စမ်းနွယ်(ကလောင်အမည် - ဖြူနှင်းနွယ်(မန်းတက္ကသိုလ်)နှင့် လက်ထပ်ပြီး သား စည်သူဖေငယ် နောင်မင်းလတ် နှစ်ဦး၊ သမီးသုံးဦး တင်မင်းယု လင်းငယ်ငယ်ထွေး ချစ်စုဖွေး တို့ ထွန်းကားသည်။

အသက်(၆၈)နှစ် အရွယ်ရှိ စာရေးဆရာ မောင်ဖေငယ်(ခ) ဦးတင်ဖေသည် ရန်ကုန်ဆေးရုံကြီး၊ နှလုံးအထူးကြပ်မတ် ကုသဆောင်၌ ၂၀၁၁−ခုနှစ်၊ ဖေဖော်ဝါရီ (၂၅)ရက်၊ နံနက် (၁၁:၃ဝ)နာရီတွင် ကွယ်လွန်အနိစ္စရောက်သည်။

လုံးချင်းစာအုပ်အဖြစ် ရနောင်မောင်မောင်တုတ် စာအုပ်ကို စတင်ရေးသားပြီးနောက် မောင်ဖေငယ် ဟူသော ကလောင်အမည်ဖြင့် သမိုင်းဆိုင်ရာစာပေများ အစဉ်တစိုက် ရေးသားပြုစုခဲ့သည်။ စဉ့်ကူးမင်း၊ မဏိစန္ဒာ၊ ဆင်ဖြူမရှင်၊ ဒိုင်းခင်ခင်၊ နန်းမတော်မယ်နု စသည့် စာအုပ်များ အထူးထင်ရှားပြီး လသာမြို့နယ် စာပေနှင့် စာနယ်ဇင်းအဖွဲ့၏ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး ကွယ်လွန်ချိန်အထိ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဝင်ဖြစ်သည်။ ဆရာကွယ်လွန်ချိန်တွင် ထုတ်ဝေဖြန့်ချိပြီးသည့် စာအုပ်ပေါင်း အုပ်(၂ဝ)ခန့် ကျန်ရှိပြီး အချို့စာမူများမှာ စက်တင်ပုံနှိပ်ခြင်း မပြုရသေးကြောင်း သိရသည်။

စာပေလက်ရာများ

သူတို့ဆီက သည်းထိပ်ရင်ဖိုဝတ္ထုတိုများနှင့် ချမ်းအေးမြ၊ စိန်ခင်မောင်ရီ၊ မောင်ဖေငယ်(၁၉၇၃)

ရနောင်မောင်မောင်တုတ်(၁၉၇၅)

ကနောင်မင်းသားနှင့် မြင်ကွန်းမြင်းခုန်တိုင်(၁၉၇၆)

နန်းမတော်မယ်နု(၁၉၇၆)

ဖောင်းကားစား(၁၉၇၇)

ကျွန်ဖြစ်ဖို့ကြုံလာတော့(၂၀၀၂)

သစ္စာတရားရဲ့ ယဇ်ပလ္လင်(၂၀၀၃)

သမိုင်းနှင့် ဝိရောဓိဖြစ်ခြင်း(၂၀၀၅)

သီပေါမင်း၏ နောက်ဆုံးနေ့ရက်များ(၂၀၀၆)

စဉ့်ကူးမင်း(၂၀၀၇)

ဒိုင်းခင်ခင်(၂၀၀၇)

ရတနာဂီရိရောက် သီပေါမင်း(၂၀၀၈)

နန်းစံကြသူများ(၂၀၀၈)

ဘကြီးတော်မင်း(၂၀၀၉)

ရနောင်မောင်မောင်တုတ်၊ အသစ် ထပ်မံဖြည့်စွက်ချက်များနှင့်အတူ(၂၀၁၀)

ရန်ကိုပယ်ရှင်း(၂၀၁၁)