တက္ကသိုလ်စိန်တင် (၁၉၃၅-၂၀၂၀)

Listing Description

အတ္ထုပ္ပတ္တိစာပေများစွာ ရေးသားခဲ့သော အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ တက္ကသိုလ်စိန်တင်ကို ဖြူးမြို့တွင် ၁၉၃၅ ခု၊ ဩဂုတ်လ ၂၇ ရက်၊ အင်္ဂါနေ့၌ အဖအငြိမ်းစားကျောင်းဆရာ ကြေးမုံသတင်းထောက် ဦးညွန့်၊ အမိ ကျောင်းဆရာမ ဒေါ်ခင်စုတို့မှ ဖွားမြင်သည့် မွေးချင်းငါးယောက် အနက် ဒုတိယမြောက်သား ဖြစ်သည်။ ငယ်မည်မှာ ဆတ်ထူးဖြစ်ပြီး အမည်ရင်းမှာ ဦးစိန်တင် ဖြစ်သည်။ မိဘများမှာ ကျောင်းဆရာ၊ ကျောင်းဆရာမများ အလုပ်ဖြင့် အသက် မွေးဝမ်းကျောင်း ပြုသည်။ ငယ်မည် မောင်စိန်တင်ဟု အမည်တွင်ရခြင်းမှာ ထိုစဉ်က ကွယ်လွန်သူ စာရေး ဆရာကြီး သိပ္ပံ မောင်ဝ၏ အမည်ရင်း ဦးစိန်တင်ကို စံနမူနာယူ၍ နောင်တွင် စာရေးဆရာ တစ်ဦး ဖြစ်လာ စေလိုသော ရည်ရွယ်ချက်ဖြင့် ၎င်း၏ မိဘများက မောင်စိန်တင် ဟူ၍ မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်သည်။ ငယ်စဉ် မိခင် ပေးဖတ်သော မဂ္ဂဇင်း၌ ပါရှိသည့် ဝတ္ထုတို တစ်ပုဒ်ကို ဖတ်ရှုရာမှ စိတ်ဝင်စားလာပြီး စာဖတ်ဝါသနာပါခဲ့သည်။

၁၉၄၀ ပြည့်နှစ်တွင် ဖြူးမြို့ ဆရာကြီး ဦးဖိုးထိုက်၏ ကျောင်း၌ သူငယ်တန်းမှ စတင်ပညာသင်သည်။ ၁၉၄၁ တွင် ညောင်ဦးမြို့ အစိုးရ အလယ်တန်းကျောင်း၌ တတိယတန်းအထိ ဆက်လက်ပညာသင်သည်။ ၁၉၄၆ တွင် ညောင်ဦး ဦးပဏ္ဍိတ၏ အခမဲ့အလွတ်ပညာသင်ကျောင်း ၌ တတိယတန်းမှ စ၍ ပြန်လည် သင်ကြားပြီး ထိုနှစ်မှာပင် မင်းဘူး အစိုးရအထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်သည်။ ၁၉၅၄ တွင် မင်းဘူး အစိုးရ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ ရန်ကုန် တက္ကသိုလ်၌ ဆက်လက်ပညာသင်ရာ ၁၉၆၄ တွင် ဝိဇ္ဇာဘွဲ့ရသည်။ ထို့နောက် စာရေးဆရာ ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း များ၌ ဝင်ရောက် ရေးသားနိုင်ရန် ကြိုးစားသည်။

အသက် ၁၁ နှစ်သား အရွယ်တွင် ၁၉၄၆ ခုနှစ် မတ်လထုတ် သတင်းစုံ ဂျာနယ်၌ မောင်စိန်တင်၏ ကြည်ညိုဖွယ်ကောင်းလို့ ခညောင်းတဲ့ ပူဇော် မန်းရွှေစက်တော် ခရီးသွား ဆောင်းပါး တစ်ပုဒ် ဖော်ပြပါရှိခဲ့ပြီး ပထမဦးဆုံး စာပေ လက်ရာလည်း ဖြစ်ခဲ့၏။ ကလောင်အမည်မှာ မောင် စိန်တင်၊တတိယတန်း၊အစိုးရအထက်တန်းကျောင်း၊မင်းဘူးမြို့ ဟူ၍ဖြစ်သည်။ တက္ကသိုလ် ရောက်သည့် အချိန်မှစ၍ 'တက္ကသိုလ်စိန်တင်' ကလောင်အမည်ကို အသုံးပြုခဲ့သည်။ တက္ကသိုလ် မောင်လှမှူး အမည်ဖြင့်လည်း ရေးခဲ့ဖူးသည်။ ရွှေတူဂျာနယ်၌ 'ဘုန်းကြီးကျောင်းသား သာဂိ' အမည်ကို သုံး၍ ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၇၀ ပြည့်နှစ်ထုတ် 'ပညာရှင်တို့ ပျော်ရာမြေ' ဘာသာပြန် စာအုပ်တွင်မူ ကလောင်အမည် 'စိမ့်မောင်'ဟု အသုံးပြုခဲ့သည်။

၁၉၅၀ တွင် မင်းဘူးမြို့ ဗမာ့ခေတ် သတင်းထောက်၊ ၁၉၅၄ တွင် တက္ကသိုလ်သတင်းထောက်၊ ထို့နောက် ကြေးမုံ၊ ဘွင်းဘွင်း၊ မြန်မာ့အလင်း၊ မဏ္ဍိုင်၊ ဗမာ့ခေတ် သတင်းစာတို့၏ မင်းဘူး သတင်းထောက် အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၀ တွင် အိုးဝေသတင်းစာ တာဝန်ခံ အယ်ဒီတာအဖြစ် ထမ်းဆောင်ခဲ့သည်။ ယင်းနှစ် ဧပြီလ၌ပင် အဖ ဦးဘမှန်၊ အမိ ဒေါ်နန်းရွှေတို့၏ သမီး ဒေါ်တင်စိန် ( M.Ed ) ပညာရေး တက္ကသိုလ် အငြိမ်းစား ကထိကနှင့် လက်ထပ်ခဲ့သည်။ ဒေါ်တင်စိန်သည် 'စိမ့် (ပညာရေး)' ကလောင် အမည်ဖြင့် စာပေရေးသားနေသော စာရေးဆရာမ တစ်ဦး ဖြစ်သည်။ ၁၉၅၂ ခုနှစ် ၁၇ နှစ်သား အရွယ်တွင် ဗမာ့ခေတ် သတင်းစာ၏ မင်းဘူးမြို့နယ် သတင်းထောက် အဖြစ် ဆောင်ရွက်ခွင့် ရရှိခဲ့ပြီး သတင်းများ ရေးသားခဲ့သည်။ မြန်မာ့အလင်း သတင်းစာ၊ ရန်ကုန် သတင်းစာနှင့် ဘွင်းဘွင်း သတင်းစာ တို့တွင်လည်း သတင်းများ ရေးသားခဲ့သည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်၌ ဆက်လက် ပညာသင်ယူခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် အိုးဝေ သတင်းစာနှင့် ဗမာ့ခေတ် သတင်းစာတို့တွင် ကော်လံစား သတင်းထောက်အဖြစ် ဆောင်ရွက်ရင်း ထိုနှစ်တွင်ပင် အိုးဝေ သတင်းစာ၌ အယ်ဒီတာ အလုပ်ရခဲ့သည်။ မြစာပေတိုက်မှ ထုတ်ဝေသော နှင်းမှုန်ကြားမှ တပ်နီတော် ၁၉၆၆ ဘာသာပြန် ဝတ္ထုမှာ တက္ကသိုလ် စိန်တင်၏ ပထမဦးဆုံး လုံးချင်း စာအုပ် ဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့် စာအုပ်သည် ဒုတိယမြောက် လုံးချင်း စာအုပ် ဖြစ်သည်။

အတ္ထုပ္ပတ္တိ စာပေများကို ရေးသားရာတွင် ဝတ္ထုဟန်ဖြင့် ရေးဖွဲ့ တင်ပြလေ့ ရှိသဖြင့် စာဖတ်ပရိသတ်တို့ အဖို့ စွဲမက်ဖွယ် ဖြစ်ရသည်။ ပခုက္ကူ ဦးအုန်းဖေ ဘဝ ခရီးနှင့် အောင်မြင်နည်း အတွေ့အကြုံများ စာအုပ်ဖြင့် ၁၉၉၃ ခုနှစ်တွင် အမျိုးသား စာပေဆု (စာပဒေသာဆု) ဆွတ်ခူး ရရှိခဲ့သည်။ ဆရာ တက္ကသိုလ် စိန်တင်သည် ဝတ္ထုဟန် အတ္ထုပ္ပတ္တိ စာအုပ်များ ရေးသားခြင်းဖြင့် ထင်ရှား လာခဲ့သော စာရေးဆရာတစ်ဦး ဖြစ်သည်။ ဗုဒ္ဓဂယာ ဘုရားဖူး ခရီးမှ ဖြစ်ရပ် မှတ်တမ်းများကို ဗုဒ္ဓဂယာ ဓမ္မ ခရီးစဉ် အမည်ဖြင့် စာမူ ရေးသား ပြုစုခဲ့သည်။

တက္ကသိုလ် စိန်တင်သည်ဇနီး ဒေါ်တင်စိန် (စိမ့်-ပညာရေး) နှင့် အတူ ဒဂုံမြို့သစ် မြောက်ပိုင်း၌ နေထိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ရေးသားခဲ့သော စာအုပ်များ

နှင်းမှုန်ကြားမှ တပ်နီတော် (ဘာသာပြန်)

ကမ္ဘာ့ ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်အတ္ထုပ္ပတ္တိ - ၁၉၆၇ ခုနှစ်

ငွေဓားဗိုလ် - ၁၉၆၈ ခုနှစ်

ရဲဘော်သုံးကျိပ် မော်ကွန်း - ၁၉၆၈ ခုနှစ်

၁၉၄၅-မြန်မာနိုင်ငံ ဖက်ဆစ် တော်လှန်ရေး သမိုင်း - ၁၉၆၉ ခုနှစ်

ထန်း - ၁၉၆၉ ခုနှစ်

ဟစ်တလာ၏ သစ္စာဧကရီ (ဘာသာပြန်) - ၁၉၇၂ ခုနှစ်

ကံ့ကော်မြိုင်တန်း လွမ်းပန်းဝေဝေ - ၁၉၇၃ ခုနှစ်

ချစ်သော ဆန်နီနှင့် အခြား ဝတ္ထုများ - ၁၉၇၃ ခုနှစ်

နွေမင်းသားနှင့် ဆောင်းဧကရီ - ၁၉၇၃ ခုနှစ်

မြန်မာနိုင်ငံရေးဇာတ်ခုံမှ စောစံဖိုးသင် - ၁၉၇၄ ခုနှစ်

ဗိုလ်တိုက်ချွန်း - ၁၉၇၅ ခုနှစ်

ဧကရီ စုဖုရား - ၁၉၇၅ ခုနှစ်

အိုဘယ့် အနော်ရထာ - ၁၉၇၆ ခုနှစ်

မုန်တိုင်းဗိုလ်ရဲဒင် - ၁၉၇၇ ခုနှစ်

သည်းထိတ်ရင်ဖို စာပဒေသာ - ၁၉၇၉ ခုနှစ်

ပုဂံမှာ ကျန်စစ်သား - ၁၉၈ဝ ပြည့်နှစ်

ဗိုလ်မှူး အောင်ဆန်းသူရိယ အေးချို - ၁၉၈ဝ ပြည့်နှစ်

ရေခဲတိုက်မှာ ကြွေတဲ့ အသည်းနှင့် သည်းထိတ် ရင်ဖို လက်ရွေးစင် စာပဒေသာ - ၁၉၈ဝ ပြည့်နှစ်

သိင်္ဂီဆောင် အခန်း အမှတ် (၃) - ၁၉၈၁ ခုနှစ်

ဗိုလ်ကြီး အောင်ဆန်းသူရိယ တိုက်ချွန်း - ၁၉၉ဝ ပြည့်နှစ်

အကျဉ်းခံ သီပေါ - ၁၉၉၁ ခုနှစ်

ပခုက္ကူ ဦးအုန်းဖေ (ဘဝ ခရီးနှင့် အောင်မြင်နည်း အတွေ့အကြုံများ) - ၁၉၉၃ ခုနှစ်

ဆိုဗီယက် ယူနီယံ ပြိုကွဲခြင်း - ၁၉၉၅ ခုနှစ်

မြန်မာ့ တော်လှန်ရေး အာဇာနည် ပုဂံ ဗိုလ်ချို - ၁၉၉၅ ခုနှစ်

ပုဂံ ရှာပုံတော် (၁)-(နာရသီဟပတေ့မင်း၊ မိဘုရားစောလုံ၊ ဖွားစော) ၁၉၉၈ ခုနှစ်

မြင်ကွန်းနှင့် ကနောင် - ၁၉၉၈ ခုနှစ်

ပုဂံရှာပုံတော် (၂)-(အနန္တသူရိယ၊ နရပတိစည်သူမင်း၊ ဝေဠုဝတီမိဖုရား) ၁၉၉၉ ခုနှစ်

မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲနှင့် သခင်ဗစိန် - ၂ဝဝ၁ ခုနှစ်

နန်းကျ ဘုရင် သီပေါ (ဘာသာပြန်)

မင်းတုန်းမင်း၏ နောက်ဆုံးနေ့များ

၁၉၇၃ အာရပ်-အစ္စရေး သဲကန္တာရစစ်ပွဲ

မိန်းမချောကလေးများ မချစ်ရ

ထို့ကြောင့် မိန်းမဟု ခေါ်သည်

စတီရီယိုမင်းသမီး

ကျွန်တော်တို့ အမေ

အန္တရာယ်တောင်ကြား (ဘာသာပြန်)

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ (စိမ့်-ပညာရေး)နှင့်တွဲဖက်၍

၂၀၀၁-ခုနှစ်၊ အိန္ဒိယနီပေါ ဗုဒ္ဓဂယာ ဓမ္မခရီးသည် (စိမ့်-ပညာရေး)နှင့်တွဲဖက်၍

သီပေါဘုရင်နှင့် စုဘုရားလတ်

အိုဘယ့် ရာဇကုမာရ်

ဘွားဦးဇွန်း - ၂၀၀၇ခုနှစ်အတွက် အမျိုးသားစာပေဆု(စာပဒေသာ) ရရှိသည်။

ပုဂံရှာပုံတော်(၃) (အလောင်းစည်သူမင်း နရသူနှင့် ပဘာဝတီမိဖုရား)

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း

သိပ္ပံမောင်ဝ(ဘဝနှင့်စာပေ)

နန်းမတော်မယ်နု ရှာပုံတော်

သခင်များနှင့် အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုကြီး(၁၉၃၀-၁၉၄၈)