အင်းစိန်အကျဉ်းထောင်

Listing Description

အင်းစိန်အကျဉ်းထောင်သည် အင်းစိန်မြို့နယ် လှိုင်မြစ်သွားကမ်းနားလမ်းတွင် တည်ရှိပါသည်။ ကိုလိုနီခေတ် အုပ်ချုပ်ရေးစနစ်ငြိမ်ဝပ်ပိပြားစေရန်ရည်ရွယ်၍ အင်္ဂလိပ်တို့သည် ဂတ်၊ ရုံး၊ ထောင်များကို စတင်တည်ထောင်ပြီး ၁၈၆၄ ခုနှစ်တွင် အကျဉ်းထောင်ဌာနကို စတင်ဖွင့်လှစ်ခဲ့ကာ ဆေးမင်းကြီး လက်အောက်တွင် ထားရှိအုပ်ချုပ်စေခဲ့ပါသည်။ ၁၈၇၂ ခုနှစ်တွင် ယခင်ဆေးမင်းကြီး အုပ်ချုပ်နေရာမှ အကျဉ်းထောင်ဌာနကို ထောင်မင်းကြီးသီးသန့်ခန့်ထားပြီး အုပ်ချုပ်စေခဲ့ပါသည်။ ၁၈၆၁ ခုနှစ်တွင် ရန်ကုန်ထောင်ကို တည်ဆောက်ခဲ့ပြီးနောက် အင်းစိန်ထောင်ကို သီပေါမင်းပါတော်မူပြီး ၄ နှစ်အကြာ ၁၈၈၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၈၉၂ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အကျဉ်းထောင်ကြီး တည်ဆောက်ရာတွင် ဗြိတိသျှအစိုးရက မြေများကိုလျော်ကြေးပေးပြီးသိမ်းကာ ထောင်ဧရိယာသတ်မှတ်၍ အုတ်ရိုးနှစ်ထပ်တည်ဆောက်ပြီးနောက် ရန်ကုန်ထောင်မှ အကျဉ်းသားများကို ခေါ်ယူ၍ အင်းစိန်ထောင်တည်ဆောက်ရေးတွင် ခိုင်းစေခဲ့ပြီး ထောင်အုတ်ရိုးနှစ်ထပ်နှင့် အဆောင်များဆောက်လုပ်ရာ ၄ နှစ်ခန့်ကြာမြင့်သည်ဟု သိရပါသည်။ ထောင်ဝင်းတစ်ခုလုံး၏ စုစုပေါင်း အကျယ်အဝန်းမြေဧရိယာသည် ၁၆၅.၇၆၈ ဧကရှိသည်။ ထိုအကျယ်အဝန်းတွင် တွဲဘက်ဧရိယာအကျယ်အဝန်းမှာ ၁၄.၇၂၉ ဧကရှိပြီး အမှုထမ်းနေအိမ်များနှင့် စိုက်ပျိုးခင်းမြေဧရိယာ ၄၆.၂၉၃ ဧကကို နုတ်လိုက်ပါက အင်းစိန်ထောင်၏ မြေဧရိယာထောင်သီးသန့်အကျယ်အဝန်းမှာ ၁၀၄.၇၄၆ ဧက ရှိပါသည်။ လမ်းမဘေးတွင် ထောင်ခြံစည်းရိုးကပ်လျက်ရှိပြီး လမ်းမမှ အတွင်းထောင်ဘူးဝ မျက်နှာစာအထိ ပေ ၁၁၆၀ ကွာဝေးသည်။ အင်းစိန်ထောင်အား အပေါ်စီးမှကြည့်လျှင် ရှေးဟောင်းတိုင်ကပ်နာရီပုံသဏ္ဌာန်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အုတ်ရိုးနှစ်ထပ်ကာရံထားကာ အတွင်း အုတ်ရိုးသည် ၇ ပေမြင့်ပြီး အပြင်အုတ်ရိုးသည် ၁၈ ပေမြင့်ကာ အတွင်းအုတ်ရိုးနှင့် အပြင်အုတ်ရိုးကြား ပေ ၁၉၀ ကွာဝေးပါသည်။ နာရီအထိုင်အကွက်ပုံစံထဲတွင် ထောင့် ၁၆ ထောင့်ရှိပြီး ၂ ထပ်ဆောင်အကျဉ်းသားအိပ်ဆောင်အဆောက်အဦးများကို အကွက်ချတည်ဆောက်ထားသည်။ အိပ်ဆောင်များ၏ အလယ်ဆုံရာ ကွက်လပ်ဗဟိုတွင် ၆၃ ပေရှိသော ဗဟိုမျှော်စင်တစ်ခုရှိပြီး ထိုမျှော်စင်ကိုပတ်၍ စားဖိုဆောင်ကြီးကို ဆောက်လုပ်ထားပါသည်။ အင်းစိန်ထောင်စတင်ဖွင့်လှစ်ချိန်တွင် အကျဉ်းဌာနမင်းကြီးအဖြစ် ပထမဆုံးဆောင်ရွက်ခဲ့သူမှာ Surgeon. Licut Colonel Davicisno ဖြစ်ပါသည်။ အင်းစိန်အကျဉ်းထောင်သည် အကျဉ်းဦးစီးဌာနလက်အောက်တွင်ရှိသည့် မြန်မာနိုင်ငံတွင် အကြီးဆုံးဗဟိုအကျဉ်းထောင်ဖြစ်ပါသည်။