အောင်ခမ်းထီ

Listing Description

၁၉၃၆ ခုနှစ် ဧပြီလ (၂၇)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးကျေးရွာအုပ်စု၊ ထီလုံရွာနေ ပအိုဝ်းပိန္တောဆေးဆရာ ဂျန်ဖာစာရိန္တနှင့် ဂျန်မွိုးလုဲင်းတို့မှ ဖွားမြင်သည့် သားသ္မီး(၁၁)ဦးအနက် ဒုတိယအငယ်ဆုံးသား ဖြစ်သည်။ ငယ်မည်မှာ ခွန်ကီး ဖြစ်သည်။ နန်းဖျူးနှင့် အိမ်ထောင်ကျ၍ သားသမီး ၆ ဦးထွန်းကားပြီး ၎င်းတို့မှာ နန်းလုံခမ်၊ ခွန်စိန်မင်း၊ ခွန်အောင်းကျေား၊ အောင်းခမ်း၊ နန်းခံရွဉ်၊ ခွန်အောင်းခမ်းကွို တို့ဖြစ်သည်။

ခွန်ကီးသည် အသက် ၉ နှစ်အရွယ်တွင် မိဘနှစ်ပါးက ကျောက်တလုံးရှိ နောင်ဆိုင်ကျောင်းထိုင်ဆရာတော် ဦးကေသာရထံ ပညာသင်ယူစေခဲ့သည်။ အသက် ၁၀ နှစ်တွင် ဆရာတော် ဥပဇ္ဈာယ်ပြု၍ ရှင်ဂန္ဓမာ ဘွဲ့မည်ဖြင့် ရှင်ပြုခဲ့သည်။ ၁၃၀၉ တွင် ရှင်ဂန္ဓမာသည် အင်းလေးကန်ရှိ အင်းပေါခုံရွာကြီး၌ ဖွင့်လှစ်ထားသော အထက်တန်းကျောင်းသည် ပညာဆက်လက်သင်ကြားခဲ့သည်။ ထိုကျောင်းသည် နေ့ခင်းပိုင်းအချိန်တွင် လောကုတ္တရာဖြစ်သည့် သဒ္ဒါ၊ သဂြိုဟ် သင်ယူပြီး ညနေပိုင်းအချိန်တွင် လောကီပညာဖြစ်သော သင်္ချာ၊ အင်္ဂလိပ်စာကို ဆရာဦးဘိုရွှေနှင့် ဆရာဦးလှဖေတို့ထံ သင်ယူခဲ့သည်။

၁၉၅၀ တွင် မန္တလေးမြို့၌ မဟာနန္ဒိသေနာရာမတိုက်တွင် ပညာဆက်လက်သင်ယူပြီး ထိုမှတဆင့် ရန်ကုန်မြို့၌ ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၅၃ တွင် အင်းလေးကန် ကျွဲတူးကျောင်းထိုင်ဆရာတော် ဦးဂုဏထံ ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၅၅ တွင် မိဘနှစ်ပါးမှ ပစ္စည်းလေးပါးခံယူပြီး နောင်ဆိုင်ကျောင်း သိမ်တော်၌ နောင်ခုဲင်းဆရာတော် ဘဒ္ဒန္တဂန္ဓမာထံ ဥပဇ္ဈာယ်ပြုပြီး အရှင်ကုသလ ဘွဲ့တော်ဖြင့် ရဟန်းဘဝသို့ တက်ခဲ့သည်။

၁၉၅၈-၅၉ တွင် အရှင်ကုသလသည် သံဃာတော် (၉)ပါးနှင့် ကျောင်းသား (၁၆)ဦးကို ဦးဆောင်ပြီး အရှေ့တောင်တန်း ပအိုဝ်းကျောင်းသားသမဂ္ဂ ကိုဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့သည် ရည်ရွယ်ချက် (၈)ချက်နှင့် လုပ်ငန်းစဉ် (၅)ချက်ဖြင့် လှုပ်ရှားခဲ့သည်။ ထိုကာလတွင် ဖြားဗွာလှဖေနှင့် ဗိုလ်ချန်ဇုံ ခေါင်းဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) [Pa-Oh National Liberation Army –PNLA] ၏ လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရေးလမ်းစဉ်ဖြင့် အလင်းစဝင်သည့် ကာလဖြစ်သည်။ ၁၉၆၃ တွင် လင်းခေးမြို့နယ်ရှိ ပအိုဝ်းကျေးရွာများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ဟောပြောစည်းရုံးပြီး ဂျန်းဆန်းကောင် ရေဦးဘုန်းကြီးကျောင်းတွင် (၂)နှစ်သီတင်းသုံးပြီး ကလေးများကို အင်္ဂလိပ်စာ သင်ကြားပို့ချပေးခဲ့သည်။

၁၉၆၆ တွင် သံလွင်မြစ်အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများသို့ သွားရောက်ပြီး ပအိုဝ်းလူငယ်များအား ပအိုဝ်းစာတတ်မြောက်ရေးအတွက် သင်ကြားပို့ချပေးခဲ့သည်။ ထိုနှစ်တွင် ဗိုလ်ချုပ်စံသိန်း ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး (ပအလဖ)ကို ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းပြီး တော်လှန်ရေးဆင်နွဲခဲ့သည့်နှစ် ဖြစ်သည်။

ထို့နောက် နယ်စပ်ဒေသမှတဆင့် ချင်းမိုင်ခရိုင်၊ မွိုင်ဖန်မြို့ရှိ ဝပ်ကျောင်အောက် ဆရာတော် ဦးစိဏ္ဏထံ ပညာသင်ယူခဲ့သည်။ ၁၉၆ရ တွင် နယ်စပ်တွင် အမျိုးသားရေးအတွက် လှုပ်ရှားနေသည့် အရှင်ကုသလကို ဗိုလ်ချုပ်စံသိန်း ကြားသိသောအခါ ကျောက်တလုံးကြီးသို့ ပြန်ပင့်လာခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဗိုလ်ချုပ်စံသိန်း ဦးဆောင်သည့် ပအလဖ အမည်မှ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) [Shan State Nationalities Liberation Organization- SSNLO] အမည်သို့ ပြောင်းဖွဲ့ခဲ့သည်။ ၁၉၆၈ ခုနှစ် မေလ (၁၂)ရက်နေ့တွင် ကျောက်တလုံး ဘုရားတောင်၏ ဇရပ်တွင် သံဃာ (၂၃၉)ပါးတက်ရောက်သည့် ပအိုဝ်းစာပေညီလာခံကို အရှင်ကုသလက ဦးဆောင်ကျင်းပခဲ့သည်။ ထိုနှစ်အောက်တိုဘာလ ဒုတိယပတ်တွင် မောက်မယ်မြို့နယ် ပင်ကုဲင်းရွာ၌ ရလလဖနှင့် ရှမ်းပြည်နယ်တပ်ပေါင်းစုတော်လှန်ရေးတပ်မတော် (SURA) ဖြစ်ပွားသည့်တိုက်ပွဲ၌ ဗိုလ်ချုပ်စံသိန်း ကျဆုံးသွားခဲ့သည်။

၁၉၇၁ တွင် သက်တော် (၃၅) နှစ်တွင် အရှင်ကုသလသည် လူဝတ်လဲ၍ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ)ကို ဝင်ရောက်ပြီး လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စတင်လုပ်ခဲ့သည်။ ၁၉၇၂ တွင် မန္တလေးထောင်၌ ထိန်းသိမ်းခံရသော ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဖြားဗွာလှဖေနှင့် ဦးကျော်စိန်တို့ ပြန်လွတ်မြောက်လာပြီး တောပြန်ခိုခဲ့သည်။ ၁၉၇၃ တွင် အင်အား ၁၅၀ဝ ကျော်သာရှိသော ရလလဖ သည် ဖြားဗွာခေါ် သထုံဦးလှဖေ ဦးဆောင်သည့် အမျိုးသားရေးအဖွဲ့နှင့် တာကလယ်ဦးဆောင်သည့် လက်ဝဲအင်းအားစုအဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲခဲ့သည်။ ၁၉၇၄ ဇန်နဝါရီလ (၁၂)ရက်နှင့် (၁၃)နေ့တွင် ကျင်းပပြုလုပ်သော သဘာပတိအစည်းအဝေး၌ အမျိုးသားရေးကို ဦးတည်ရေးအဖွဲ့က ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး [Shan State National Liberation Front- SSNLF] အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။

ထိုအဖွဲ့သည် ဖြားဗွာဦးလှဖေက ဥက္ကဋ္ဌ ဖြစ်ပြီး ဗိုလ်မှူးကြီးအောင်ခမ်းထီက အထွေထွေအတွင်းရေးမှူး၊ ဦးကျော်စိန်က တွဲဖက်အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။ သို့သော်လည်း ၁၉၇၅ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ဥက္ကဋ္ဌ ဖြားဗွာလှဖေသည် တောင်ကြီးမြို့နယ် ပန်တွန်းရွာ၌ ဝမ်းရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ၁၉၇၅ နိုဝင်ဘာလ (၂၂)ရက်နှင့် (၃၀)ရက်နေ့တွင် ဆီဆိုင်မြို့နယ် နောင်လတ်ရွာ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေး၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြောက်ခဲ့သည်။ ထိုအစည်းအဝေးမှ ဦးကျော်စိန်က ဥက္ကဋ္ဌ၊ ဗိုလ်မှူးကြီး အောင်ခမ်းထီက အထွေထွေအတွင်းရေးမှူး၊ ခင်ကျော်ညိုက တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။

၁၉၇၅ ဩဂုတ်လ (၂၃)ရက်နေ့တွင် အမျိုးသားဟန်ပီပြင်သော ပအိုဝ်းအဖွဲ့အစည်း အမြန်ဆုံးဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီတစ်ရပ် ပြန်ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် ဆရာတော်ဦးနေမိ၊ ဦးကျော်စိန်၊ အောင်ခမ်းထီ၊ ဦးနုတပ်မှ ခွဲထွက်လာသည့် အောက်ပြည်ပအိုဝ်း PNLA အဖွဲ့မှ ခွန်ရဲနောင် တို့ ပါဝင်ခဲ့ကြသည်။ ထိုနောက် ၁၉၇၆ ဇန်နဝါရီလတွင် ဆီဆိုင်မြို့နယ် လုံးဒါဘုန်းကြီးကျောင်း၌ ပထမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံတွင် ကန့်ကွက်သူမရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် [Pa-Oh National Organization- PNO] ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုညီလာခံတွင် ဦးကျော်စိန်- ဥက္ကဋ္ဌ၊ အောင်ခမ်းနှင့် ခွန်ရဲနောင်- ဒုဥက္ကဋ္ဌ၊ အောင်ခမ်းထီ အထွေထွေအတွင်းရေးမှူး၊ ခင်ကျော်ညို- တွဲဖက်အထွေထွေအတွင်းရေးမှူး အဖြစ် တင်မြောက်ခဲ့သည်။

၁၉၇၇ တွင် ခွန်ရဲနောင် ဦးဆောင်သည့် လူအင်အား (၆၀) ရှိသည့် PNLA အောက်ပြည်ပအိုဝ်းတပ်ဖွဲ့မှ ဆီဆိုင်အမှတ်(၉၄)ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ ထိုကြောင့် ၁၉၈၀ တွင် PNO ဥက္ကဋ္ဌ ဦးကျော်စိန်သည် နုတ်ထွက်စာတင်ပြီး အလင်းဝင်ခဲ့သည်။ ထိုနောက် ၁၉၇၇ တွင် ကျောင်ထို ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် အောင်ခမ်းထီ- ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဂျန်ဖာချိန်နှင့် အောင်ခမ်း- ဒု ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ခင်ကျော်ညို- အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ခွန်ဝိဇာ- တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း ပြန်လည်တင်မြောက်ခဲ့သည်။ ၁၉၇၈ မတ်လ (၃)ရက်နေ့တွင် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ကို တောင်ကြီးမြို့နယ် နောင်ယာသုဲင်ကွင်းတွင် PNO ဦးဆောင်မှုဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည့် PNO တပ်ဖွဲ့သည် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် Nationalities Democratic Front (NDF) သို့ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၁၉၉၁ ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည့် PNO/PNA တပ်ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)နှင့် အပစ်အခတ်ရပ်စဲရေး စသည့် ငြိမ်းချမ်းရေးပြုလုပ်ခဲ့သည်။ နဝတ စစ်အစိုးရက ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည် PNO အဖွဲ့ကို အထူးဒေသ(၆)ဖြင့် အုပ်ချုပ်ခွင့်နယ်မြေ သတ်မှတ်ပေးခဲ့သည်။

၁၉၉၃ တွင် ကျင်းပပြုလုပ်သည့် အမျိုးသားညီလာခံကို ဗိုလ်မှူးကြီး အောင်ခမ်းထီက ဧည်သည်အဖြစ် တက်ရောက်လေ့လာခွင့်ရခဲ့သည်။ ၂၀ဝ၇ တွင် ညောင်နှစ်ပင်မှ ကျင်းပသည့် အမျိုးသားညီလာခံကို ပအိုဝ်းအမျိုးသားကိုယ်စားတက်ရောက်သူများအနက် အောင်ခမ်းထီးလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ၂၀၁၀ တွင် PNO ဥက္ကဋ္ဌမှ နယကအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သည်။