ကိုကိုးကျွန်းအား ၂၄ နာရီ မီးလင်းနိုင်ရေး လာမည့် ဇန်နဝါရီ ၄ ရက်အမီ ကြိုးပမ်းလုပ်ဆောင်နေ

Listing Description

ရန်ကုန်     ဒီဇင်ဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်း ဒေသပြည်သူများ  ၂၄ နာရီ မီးလင်းပေးနိုင်ရေး ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းက အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းလုပ်ဆောင်ပေး လျက်ရှိကြောင်း သိရသည်။

ယခု   အကောင်အထည်ဖော် ဆောင်ရွက်နေသော ကိုကိုးကျွန်း အား ၂၄ နာရီ မီးလင်းရေးစီမံချက် ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဆောင်ရွက်နေခြင်းဖြစ်ပြီး လာမည့် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် အပြည့်အဝ မီးလင်းပေးနိုင်ရေး  လုပ်ဆောင်လျက်ရှိသည်။

“ကျွန်တော်တို့အနေနဲ့   ဒီကိုကိုး ကျွန်းကို ၂၄ နာရီ အပြည့်အဝ မီးလင်း ပေးနိုင်ရေး    အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နေပါတယ်။ ရာခိုင်နှုန်း အားဖြင့်လည်း အတော်လေးပြီးစီး နေပါပြီ။ အားလုံးပြီးစီးသွားရင်တော့ ဒီကျွန်းတစ်ခုလုံးကို အပြည့်အဝမီးလင်း ပေးနိုင်မှာပါ”ဟု    ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး    ကော်ပိုရေးရှင်း    ဓာတ်အားဖြန့်ဖြူးရေးဌာနမှ အထွေထွေ မန်နေဂျာ ဦးကျော်သူက ပြောသည်။

ကိုကိုးကျွန်းအား    ၂၄   နာရီ လျှပ်စစ်မီးလင်းပေးနိုင်ရေးကို  ပြီးခဲ့ သည့်  ဩဂုတ်လဆန်းပိုင်းမှစတင်ကာ ဆိုလာ၊    လျှပ်စစ်၊     ဘက်ထရီနှင့် ဂျင်နရေတာတို့ကိုအသုံးပြု၍   ဟိုက်ဘရစ်စနစ်ဖြင့်  အကောင်အထည်ဖော် လုပ်ဆောင်နေခြင်းဖြစ်ပြီး ၀ ဒသမ  ၅ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်သည်။ လုပ်ငန်း အားလုံး      အပြည့်အဝပြီးစီးပါက အိမ်ခြေ ၃၀၀ ခန့်ကို မီးလင်းပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။

 လတ်တလောတွင်   ကိုကိုးကျွန်း အား ၃၅၀ ကေဗွီအေ    မီးစက်ဖြင့် ညပိုင်းသုံးနာရီကျော်ကြာသာ မီးလင်း ပေးလျက်ရှိပြီး   လာမည့်    ဇန်နဝါရီ ၄ ရက်  နောက်ပိုင်းတွင်   ၂၄  နာရီ မီးအပြည့်အဝ ပေးနိုင်မည်ဖြစ်ကြောင်း၊ လောလောဆယ်  မီတာ ၂၅၀ကျော် သာရှိသေးသော်လည်း  နောက်ပိုင်း တွင် မီတာ ၃၀၀ ဝန်းကျင်အထိ မီးပေး နိုင်မည်ဖြစ်ကြောင်း၊ ရာခိုင်နှုန်းအား ဖြင့် လက်ရှိတွင် ၈၀ ရာခိုင်နှုန်းကျော်   ပြီးစီးနေပြီဖြစ်ကြောင်း၊ ကျွန်းတစ်ခု လုံးကို   ၂၀၀ ကေဗွီအေ ထရန်စဖော်မာ လေးလုံးအထိုင်ချကာ ပြီးစီးပါက နေ့ရောညပါ    မီးလင်းပေးနိုင်မည် ဖြစ်ကြောင်း အထွေထွေမန်နေဂျာ ဦးကျော်သူက ဆက်လက်ပြောကြား သည်။

 ရန်ကုန်တိုင်းဒေသကြီး   ကိုကိုး ကျွန်းဒေသအား ၂၄ နာရီ    မီးလင်း ပေးနိုင်ရေးကို တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်သုံးဘီလီယံဖြင့် လျာထား ဆောင်ရွက်လျက်ရှိကာ ယခုအခါ ဆိုလာခွဲစက်ရုံများ၊ မြို့နယ်ရုံးများနှင့် ရိပ်သာတို့ကို တည်ဆောက်ပြီးလျက် ရှိပြီး  အလုံးစုံပြီးစီးရေး    လာမည့် ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့)အမီ   ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မောင်စိန်လွင်(မြန်မာ့အလင်း)