ကိုကိုးကျွန်းမြို့နယ်၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖြင့် ၂၄ နာရီ ဓာတ်အား သုံးစွဲနိုင်ပြီ

Listing Description

ရန်ကုန် ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်သည် ကမ်းရိုး တန်းနှင့် အလှမ်းကွာဝေးသော ကပ္ပလီပင်လယ်အတွင်းရှိ ကျွန်းမြို့နယ်တစ်ခုဖြစ်ပြီး ဆက်သွယ်သွားလာရေးလည်း ခက်ခဲသော နေရာတစ်ခုဖြစ်ရာ ယခင်က ဖွံ့ဖြိုးတိုးတက် မှု နှေးကွေးခဲ့သော်လည်း ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ကျွန်းပေါ်တွင် နေရောင်ခြည်စွမ်းအင် သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုကို တည်ဆောက် ကာ ၂၀၂၁ ခုနှစ်၊ နှစ်သစ်ကူးသည့် ဇန်နဝါရီ ၁ ရက်တွင် ကျွန်းတစ်ခုလုံးသို့ လျှပ်စစ်ဓာတ်အား စတင်စမ်းသပ် ထုတ်လွှတ်လျက် ဇန်နဝါရီ ၃ ရက်မှ စတင်၍ ၂၄ နာရီ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုကိုးကျွန်းမြို့နယ်သည် ယခင်က လျှပ်စစ် ဓာတ်အားကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်းက ဖြန့်ဖြူးပေးသည့် ဒီဇယ် အင်ဂျင်မီးစက်များဖြင့် နေ့စဉ် ညနေ ၆နာရီမှ ၁၂ နာရီအထိ (တစ်နေ့ ခြောက်နာရီ ခန့်သာ) အချိန်အကန့်အသတ်ဖြင့် သုံးစွဲနေခဲ့ကြရပြီး လျှပ်စစ်ဓာတ်အား ၂၄ နာရီ သုံးစွဲနိုင်ခြင်းမရှိသောကြောင့် ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စီးပွားရေး စသည့် ဒေသဖွံ့ဖြိုးရေးတို့မှာလည်း နောက်ကျနေခဲ့ရသည်။

ထို့ကြောင့် ကိုကိုးကျွန်းမြို့နယ်နေ ပြည်သူတို့၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးအစိုးရ၏ ဘဏ္ဍာရန်ပုံငွေဖြင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၀ ဒသမ ၅ မဂ္ဂါဝပ်)ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၁ နာရီတွင် လျှပ်စစ်ဓာတ်အားများ ကျွန်းတစ်ခုလုံးသို့ စတင်စမ်းသပ် ထုတ်လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယခု အသစ်တည်ဆောက် ဓာတ်အားပေးနိုင်ခဲ့သည့် ကိုကိုးကျွန်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံသည် (Solar + Battery + Diesel Generator) Hybrid System အမျိုးအစားဖြစ်ပြီး မြန်မာကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီတို့ ဖက်စပ်ဖွဲ့စည်း တည်ထောင်ထားသည့် Kyocera Communication Systems Kinetic Myanmar Co., Ltd သို့ လုပ်ငန်းအပ်နှံကာ ဂျပန်နိုင်ငံ Kyocera Company ၏ ဒီဇိုင်းဖြင့် တပ်ဆင်တည်ဆောက်ထားသော ခေတ်မီနည်းပညာများ အသုံးပြုထားသည့် နိုင်ငံတကာ အဆင့်မီ အဆင့်မြင့်ဓာတ်အားပေးစက်ရုံ တစ်ခုလည်း ဖြစ်သည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) တစ်ခုဖြစ်သော နေရောင်ခြည်စွမ်းအင်ကို အသုံးပြုထားသည့် လျှပ်စစ် ဓာတ်အားပေးစက်ရုံ အမျိုးအစားဖြစ်ကာ လျှပ်စစ်ဓာတ်အား ကို နေ့အချိန်များတွင် နေရောင်ခြည်စွမ်းအင်ဖြင့် တိုက်ရိုက် အသုံးပြုနိုင်ပြီး တစ်ချိန်တည်းမှာပင် နေရောင်ခြည်စွမ်းအင် မှ ရရှိလာသော လျှပ်စစ်စွမ်းအင်ကို ဘက်ထရီများသို့ အားဖြည့်သိုလှောင်ပေးထားမည်ဖြစ်သည်။ ညအချိန်များ တွင် သိုလှောင်ထားရှိခဲ့သည့် ဘက်ထရီများမှ လျှပ်စစ် ဓာတ်အားကို ပြန်လည်ထုတ်လုပ်ဓာတ်အားပေးနိုင်မည် ဖြစ်၍ ရာသီဥတုအခြေအနေများကြောင့် နေရောင်ခြည် ရရှိမှု နည်းပါးသည့် အချိန်များတွင် ဒီဇယ်အင်ဂျင် (Diesel Generator) မှ ဓာတ်အားဖြည့်ကူ ထုတ်လုပ်ပေးနိုင်သော ဓာတ်အားပေးစနစ်လည်း ဖြစ်သည်။

အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ် ပေးသည့် လျှပ်စစ်ဓာတ်အားများကို ကိုကိုးကျွန်းမြို့နယ်ရှိ ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ လျှပ်ကာပါသော ၁၁ ကေဗွီ SAC ဓာတ်အားလိုင်း ပေ ၁၁၇၀၀ ခန့်၊ ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ လေးလုံး (သုံးစွဲ နှစ်လုံး၊ အရန် နှစ်လုံး)၊ လျှပ်ကာပါသော ၄၀၀ ဗို့ ABC ဓာတ်အားဖြန့်ဖြူးလိုင်း ပေ ၁၈၄၀၀ ခန့်တို့ကို အသစ် လဲလှယ်တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးပေးနေပြီဖြစ် ကြောင်းလည်း သိရသည်။

စက်ရုံတည်ဆောက်ခြင်းစီမံကိန်းကို သယ်ယူပို့ဆောင် ရေးအခက်အခဲများ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ မပျံ့နှံ့ရေး စည်းမျဉ်းစည်းကမ်း အကန့်အသတ်များ၊ ဆက်သွယ် သွားလာရေး အခက်အခဲများ စသည့် အခက်အခဲ အကျပ် အတည်းများကြားက သတ်မှတ်ကာလအတွင်း ပြီးစီးအောင် တာဝန်ရှိသူများက ကြိုးစားအားထုတ် ဆောင်ရွက်နိုင် ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး တွင် ရန်ကုန်တိုင်းဒေသကြီးသည် လျှပ်စစ်ဓာတ်အား သုံးစွဲမှုတွင် တိုင်းဒေသကြီးတစ်ခုလုံးရှိ မြို့ပြနှင့်ကျေးလက် နေ မီးသုံးသူပြည်သူအားလုံးသို့ ၁၀၀ ရာခိုင်နှုန်း ဓာတ်အား အပြည့်အဝပေးနိုင်သည့် ပထမဦးဆုံး တိုင်းဒေသကြီးတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ယခု ကိုကိုးကျွန်းမြို့နယ်သည်လည်း ထပ်မံ၍ ၂၄ နာရီ ဓာတ်အားပေးနိုင်သည့် မြို့နယ်တစ်ခု ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ရွာဒေသ များအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍဖြင့် ဂုဏ်ယူဖွယ်ရာ မြှင့်တင်ပေးနိုင်ခြင်းသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် ရပ်ရွာဒေသ အဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက် ကြိုးပမ်းအားထုတ်မှုများဖြစ်ကြောင်း သိရသည်။

မောင်စိန်လွင်(မြန်မာ့အလင်း)

ဓာတ်ပုံ- ကျော်စိုး (ကိုကိုးကျွန်း)