ရခိုင်ပြည်နယ် ဂွမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေး

Listing Description

ဂွ   နိုဝင်ဘာ   ၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကို ယနေ့နံနက် ၆ နာရီမှစတင်၍  ရခိုင်ပြည်နယ် ဂွမြို့နယ်၌ ကျင်းပလျက်ရှိရာ     မဲဆန္ဒရှင်ပြည်သူများ   အေးချမ်း လွတ်လပ်စွာ ဆန္ဒမဲပေးနေမှုအား  ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့  လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

လှည့်လည်ကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်သူများ ဆန္ဒမဲ ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ     မဲဆန္ဒရှင်ပြည်သူများ   အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေးနေမှုများအား      လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒမဲပေးမည့် ပြည်သူများအား တာဝန်ရှိသူ များက အယ်လ်ကိုဟော လက်သန့်ဆေးရည်ဖြင့် လက်များ ကိုသန့်စင်ပေးခြင်း၊ ပြင်ပမှ အသုံးပြုလာသော နှာခေါင်း စည်းများကို    အမှိုက်ပုံးထဲသို့   စနစ်တကျ စွန့်ပစ်စေပြီး N95 နှာခေါင်းစည်းများဖြင့် လဲလှယ်ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ မဲရုံအဝင်တွင် တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာ တန်းစီစေပြီး   မဲရုံအတွင်းဝင်ရောက်ချိန်၌ လက်များကို  လက်သန့်ဆေးရည်ဖြင့်     ဆေးကြောသန့်စင်ပေးခြင်း၊ မဲရုံမှူး၊  ဒုတိယမဲရုံမှူးနှင့်    တာဝန်ရှိသူများက မဲစာရင်း စစ်ဆေးခြင်း၊ မဲလက်မှတ်များထုတ်ပေးခြင်းနှင့် ဆန္ဒမဲ ပေးပြီးကြောင်းကို  လက်သန်း မင်တို့ခြင်း လုပ်ငန်းများအား ကူညီဆောင်ရွက်ပေးကြသည်။

မဲရုံ ၃၅ ရုံရှိ

ဂွမြို့နယ်၌ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၃ အုပ်စု စုစုပေါင်း ၃၉ အုပ်စုရှိရာ မဲရုံပေါင်း ၁၃၅ ရုံရှိပြီး  မဲဆန္ဒရှင်စုစုပေါင်း ၅၄၉၅၂ ဦးရှိရာ ကြိုတင်ဆန္ဒမဲကို ၁၀၇၇၂ ဦးပေးပြီးဖြစ်ကာ ယနေ့မဲဆန္ဒရှင်  ၄၄၁၈၀ ဆန္ဒမဲ ပေးမည်ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်း(ပြန်/ဆက်)